KRC မှ ပြောခွင့်ရသူ နော်ဘလူးမင်းနိုက်ဇံက “အခုက မယ်လစခန်းထက်စာရင် အခြားစခန်းတွေမှာ မဖြစ်သလောက်ပဲ။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာလည်း အခြေခံအကြောင်းရင်းကို ရှာမရဘူး။ ခြံုပြောရရင် မယ်လစခန်းမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှုနှုန်းက တော်တော်လေး မြှင့်တက်လာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုရှိသည့် အနက် အကြီးဆုံးနှင့် လူဦးရေးအများဆုံး ဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် အလားတူဖြစ်စဉ်မှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီမှ ယခုဇွန်လ ၂၃ရက်နေ့အထိ မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ၁၉မှုဖြစ်ပွားခဲ့ရာတွင် ၆ဦးသေဆုံးသွားကြောင်း KRC ၏ စာရင်းအရ သိရသည်။
မယ်လဒုက္ခသည်စခန်း လူမှုရေး တာဝန်ခံစောဖထောက “စခန်းမှာ အများဆုံး တွေ့ရတာက အရက်ကြောင့် ဖြစ်သွားကြတာများတယ်။ နောက်ပြီး အိမ်ထောင်ရေးကိစ္စတွေလည်း ပါတယ်။ ကျနော်တို့ဆီ ရောက်လာတဲ့ စာရင်းက ကိုယ့်ကိုကိုယ်သတ်သေလို့ သေသွားတဲ့သူတွေ စာရင်းပဲ ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာနှင့် အခြားသောအကူအညီများလျော့ကျလာမှုများရှိသလို ဒုက္ခသည်များသွားလာ လုပ်ကိုင်ခွင့်များတွင် ကန့်သတ်မှုများကြောင့် ဖြစ်ပေါ်လာသော စားဝတ်နေရေး မပြေလည်မှုများမှ စခန်းတွင်း နေထိုင်သူများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာကြောင်းလည်း စခန်းနေသူများက ပြောဆိုသည်။
ယခုကိစ္စကို ဖြေရှင်းနိုင်ရန် KRC မှ ဇွန်လ ၂၃ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူကာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မယ်လစခန်းတွင်း တာဝန်ရှိသူများနှင့် တိုင်ပင်ကာ စခန်းတွင်းရှိ ကရင်ကျောင်း သားကွန်ရက်(KSNG)မှ ထုတ်လွှင့်သော ရေဒီယို FM တွင် ပညာပေး အစီအစဉ်များကို နေ့စဉ်ထည့်သွင်း ထုတ်လွှင့်သွားရန်ဆုံးဖြတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ရခုတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ၂၇ ခု ဖြစ်ပွားခဲ့ရာတွင် ၁၃ ဦးသေဆုံးခဲ့ပြီး သေကြောင်းကြံစည်မှုနှင့် သေဆုံးသူအများစုမှာ မယ်လဒုက္ခသည်စခန်းမှ ဖြစ်ကြောင်း သိရသည်။







