ရေးတောင်ပိုင်း အလွန်၊ အဆောင်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်ရန်စီစဉ်နေ

ရေးတောင်ပိုင်း အလွန်၊ အဆောင်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်ရန်စီစဉ်နေ
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတစ်ဝိုက်တွင် လှုပ်ရှားလျက်ရှိသည့် အလွန်နှင့် အဆောင်း ညီအကိုနှစ်ယောက်ခေါင်းဆောင်သည့် လက်နက်ကိုင်ဓါးပြအဖွဲ့သည် လာမည့်ရက်ပိုင်းများအတွင်း တပ်မတော်ထံ အလင်းဝင်ရန် စီစဉ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇွန် ၂၃ ရက်က ရေးမြို့အခြေစိုက် တပ်မတော်စစ်ဆင်ရေးကွပ်ကဲမှု-စကခ ၁၉ မှ ရေးမြို့နယ်တောင်ပိုင်း ဟံဂံရွာအဝင်၊ ကျိုက်ဒေးမန်ကလော့ဘုရားလမ်းတွင် အလွန်နှင့် အဆောင်း ခေါင်းဆောင်သော ၁၅ ဦးခန့်ရှိသည့် အဖွဲ့ဝင်များအား မော်တော်ကားဖြင့် သွားရောက်ကြိုဆိုခဲ့သည်ဟု ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှုး က ပြောသည်။

ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်အင်က “ဒီနေ့မနက်ကပဲ တပ်မက ကား ၆ စီးလောက် ရွာကို ရှစ်နာရီခွဲဝန်းကျင် ရောက်လာပြီးတော့ ကျနော်နဲ့ ပြည်သူစစ်ခေါင်းဆောင်ကို ခေါ်ပြီး အလွန်နဲ့ အဆောင်း ညီအကိုအဖွဲ့ကို ရွာအပြင်မှာ သွားရောက် ကြိုခဲ့တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

လက်နက်အပ်နှံပွဲကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်ရန်ရှိပြီး ရက်အတိအကျမသိရှိကြောင်း၊ စကခ (၁၉) ဌာနချုပ်အတွင်းသာ ပြုလုပ်မည်ဟု ယူဆကြောင်း နိုင်အင်က ဆက်ပြောသည်။

အသက် ၆၁ နှစ်ရှိ ရေးတောင်ပိုင်းဒေသခံတဦးက “ကျနော်တစ်သက်တာ ဒီဒေသမှာ သေနတ်သံ ပျောက်သွားခဲ့တာ မရှိဘူး။ အခုတော့ တိတ်ဆိတ်ပျောက်ကွယ်သွားနိုင်မယ်လို့ မျှော်လင့်နေတယ်” ဟု ဆိုသည်။

ရးမြို့နယ်နှင့် ရေဖြူမြို့နယ်များတွင် လှုပ်ရှားခဲ့သော လက်နက်ကိုင်ဓါးပြအဖွဲ့များသည် ယခင်က ပြန်ပေးဆွဲ၊ ဆက်ကြေးကောက် ငွေတောင်းခံခဲ့ကြပြီး လက်နက်ချပြီးသောအခါ ၄င်းအဖွဲ့ရပ်တည်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ကြမည်ကို စောင့်ကြည့်ရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။

အလွန်နှင့် အဆောင်း ညီအကိုနှစ်ဦးအပါအဝင် ၁၅ ဦးခန့်ရှိသည့်အဖွဲ့ထဲတွင် ၂၀၁၄ ခုနှစ်က လက်နက်ချ အလင်းဝင်ထားသည့် နိုင်အဗင်း၏အစ်ကိုယ်ဖြစ်သူ နိုင်ဟလိန်း (အလှိင်) လည်း ပါဝင်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသများတွင် လှုပ်ရှားခဲ့သော မွန်ချမ်းဦးစီးသည့် ဓါးပြအဖွဲ့မှ အင်အား ၁၈ ဦး၊ လက်နက် ၁၂ လက်ဖြင့် တပ်မတော်တပ်ရင်း ခမရ ၂၈၀ ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး ဖြစ်သည်။

အလွန်၊ အဆောင်းဓါးပြအဖွဲ့ကို မော်တော်ကားဖြင့် ကြိုခဲ့စဉ်- (Janu Mon)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...