တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက်လျော့နည်းလာသည့် ကရင်ပြည်နယ် ပညာရေးကို စွမ်းဆောင်ရည် မြှင့်တင်သွားမည်ဟုဆို

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက်လျော့နည်းလာသည့် ကရင်ပြည်နယ် ပညာရေးကို စွမ်းဆောင်ရည် မြှင့်တင်သွားမည်ဟုဆို
by -
ကေအိုင်စီ
မြန်မာနိုင်ငံ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဇွန် ၁၁ ရက်နေ့က ထုတ်ပြန်သည့် အောင်ချက်အရ ကရင်ပြည်နယ်တွင် ၂၇.၁၅ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ခြင်းမှာ ယခင်နှစ်ကထက် အောင်ချက် လျော့နည်းလာသည့်အတွက် ပညာရေးကို မြှင့်တင်သွားမည်ဟု ကရင်ပြည်နယ် ပညာရေးဦးစီးဌာနမှ ဒုလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ကေအိုင်စီသို့ ပြောသည်။

“အောင်ချက်နည်းတာက ကျမတို့ ဆရာ၊ ဆရာမ ဦးရေ မလုံလောက်တာနဲ့ စွမ်းဆောင်ရည်တွေ လိုအပ်ချက် ရှိနေပါသေးလို့ပါ။ ကျမတို့ တတ်နိုင်ဆုံးတော့ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်မြှင့်တင်တဲ့ သင်တန်းတွေ လိုရင်လိုအပ်သလို လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို မပြည့်စုံနိုင်သေး ဘူးပေါ့။ တဖြည်းဖြည်းချင်းတော့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ်၏ ယခင်နှစ် အောင်ချက်မှာ ၂၉.၅၄ ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ်မှာ ၂၇.၉၂ ရာခိုင်နှုန်းသို့ လျှော့နည်းသွားခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်လျော့နည်းလာသည့်အပေါ် ဖားအံမြို့ရှိ ပညာစံအိမ် ကိုယ်ပိုင်ကျောင်းမှ ဦးသန်းအောင်က လက်ရှိ ပညာရေးစနစ်၏ မှားယွင်းမှုကြောင့်ဖြစ်ပြီး လက်ရှိ ကျင့်သုံးနေသည့် ပညာရေးစနစ်သည် သင်ရိုးညွှန်းတမ်း အလွန်များသည့်အတွက် ကျောင်းသား၊ ကျောင်းသူ များမှာ စာအားလုံး အလွတ်မရနိုင်ကြောင်း ယခုလို ထောက်ပြပြောဆိုသည်။

သူက “အခု ပညာရေးမှာ သင်ရိုးညွှန်းတမ်းတွေ အလွန်များပြီး ကလေးတွေက စာတွေကို အားလုံးအလွတ် မရဘူး။ သင်ကြားနည်းလမ်းတွေ ပြောင်းလဲသင့်ပြီ။ ဒီစနစ်ကတော့ ကလေးတွေကို စဉ်းစားတွေးခေါ်မှုတွေကို အားနည်းသွားစေတယ်။ ဒါကို ပြောင်းလဲဖို့ဆိုရင် ပညာရေးကဏ္ဍမှ တာဝန်ရှိသူများနဲ့ ပညာရှင်တို့ စုပေါင်းလုပ်ဆောင်ရရန် လိုအပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖားအံမြို့ရှိ အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာ ဦးငွေသိန်းကလည်း လက်ရှိ ပညာရေး နှင့်ပတ်သက်၍ အခြားအခန်းကဏ္ဍများဖြစ်သည့် အခြေခံအဆောက်အဦးနှင့် သင်ထောက်ကူပြုပစ္စည်းများ လိုအပ်နေသေးကြောင်း၊ အထူးသဖြင့် ကျောင်းသားကျောင်းသူများသည် ဖုန်းကိုင်လာမှု များပြားလာခြင်းနှင့် ဆရာ၊ ဆရာမများ အရည်အချင်းနည်းခြင်းမှာ အောင်ချက်နည်းရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

ကရင်ပြည်နယ် တစ်ခုလုံးရှိ ၂၀၁၅-၂၀၁၆ စာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၁၃၆၃၉ ဦး ရှိပြီး ယခင်နှစ်မှာ ၁၂,၀၈၄ ဦး ရှိသည်ဟု ကရင်ပြည်နယ် ပညာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

June 13, 2026
မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊...