သီပေါစော်ဘွားအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့တွင် ကျင်းပမည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသရန်အတွက် ဆင်ဆာခွင့်ပြုချက် မရသေး

သီပေါစော်ဘွားအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့တွင် ကျင်းပမည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသရန်အတွက် ဆင်ဆာခွင့်ပြုချက် မရသေး
by -
သျှမ်းသံတော်ဆင့်
သီပေါနယ်၏ နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင်နှင့် မဟာဒေဝီ အကြောင်းကို အခြေခံကာ ဩစတြီးယားနိုင်ငံက ရိုက်ကူးထားသော Twilight Over Burma အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Human Rights Human Dignity International Film Festival) အတွင်း အခမဲ့ပြသရန် စီစဉ်ထားသော်လည်း ပြသရန်တစ်ပတ် အလိုအထိ ဆင်ဆာခွင့်ပြုချက် မရသေးကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုအချိန်က တပ်မတော်၏ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် ဗီလိန်ဆန်ဆန် ပြကွက် အများအပြား ပါဝင်သော အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံတွင်း ပြသခွင့်ပြုမည်မဟုတ် သတင်းများထွက်ပေါ်နေချိန်တွင် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အဆိုပါ ရုပ်ရှင်ဇာတ်ကား ပြသခွင့်ပြု မပြုနှင့် ပတ်သက်၍ အတိအကျမသိရသေးကြောင်း အခုလို ပြောကြားလိုက်ခြင်း ဖြစ်ပါသည် ။

Twilight over burmaရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က – “ (ဒီနှစ်အတွက်) ကျနော်တို့ ရုပ်ရှင်ကားပေါင်း ရ၀ လောက် (ဆင်ဆာကို) တင်ထားတယ် ။ ဒါပေမယ့် Twilight Over Burma က နိုင်ငံခြားကားစာရင်းထဲမှာ ပါနေတယ် ။ အဲဒီကားနဲ့ ပတ်သက်လို့ ကျနော်တို့ အတိအကျ မသိရသေးဘူး။ ဒီနေ့အထိ (ဂျွန်လ ၈ ရက်) ကျနော့်ဆီကို ဆင်ဆာအဖွဲ့က Twilight Over Burma နဲ့ ပတ်သက်တဲ့ ပြသခွင့် မပြုပါဘူးဆိုတဲ့စာ မရသေးဘူး ” ဟု ပြောကြားသည် ။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ကတည်းက စတင်ကျင်းပလာပြီး ယခု ၂၀၁၆ ခုနှစ်တွင် လေးကြိမ်မြောက်အဖြစ် လာမည့် ဇွန် ၁၅ ရက်နေ့မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ ၊ Junction Square ရုပ်ရှင်ရုံနှင့် Junction မော်တင် ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကား အရှည် ၊ အတို ၊ မှတ်တမ်းရုပ်ရှင် စသည်ဖြင့် စုစုပေါင်း ၆၇ ကားကို ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည် ။

မြန်မာနိုင်ငံတွင် ပုံနှိပ်စာနယ်ဇင်းများနှင့် ပတ်သက်၍ လွတ်လပ်ခွင့်များ ရှိလာပြီဖြစ်သော်လည်း ရုပ်သံနှင့် ပတ်သက်၍ ဆင်ဆာ ကန့်သက်ချက်များ ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ရုပ်ရှင်များအတွက် ဆင်ဆာတင်ရခြင်းမှာ မလွှဲမရှောင် သာသော အလုပ်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ယခုလို ပြောကြားပါသည် ။

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က “ ကျနော်တို့ ရှေ့မှာလည်း နှစ်တိုင်းနှစ်တိုင်း ရုပ်ရှင်ကား ၅၀ ကျော် ၆၀ ကျော် ပြတိုင်း ပြတိုင်း ၊ ကျနော်တို့ မြန်မာနိုင်ငံမှာက ရုပ်သံအတွက် ဆင်ဆာရှိနေတုန်းပဲ ။ ကျနော်တို့ ရုပ်ရှင်ပွဲတော် လုပ်မယ်ဆိုရင် ပြသမယ့် ရုပ်ရှင်အားလုံးကို ဆင်ဆာကို တင်ရပါတယ် ။ သူတို့ခွင့်ပြုတဲ့ ရုပ်ရှင်တွေကိုပဲ ပြရပါတယ် ။ ဆင်ဆာ မတင်ဘူးဆိုရင် အစိုးရဆိုက ငှားရမ်းပြီး လုပ်ကိုင်နေရတဲ့အတွက် မြို့လယ်ကောင်က ရုပ်ရှင်ရုံပိုင်ရှင်တွေက မပြရဲဘူး။ ဒါက လုပ်ငန်း သဘောကို နားလည်အောင် ပြောပြရတာ ။ ကိုယ့်ဘာသာရိုက်ပြီး ခွေအနေနဲ့ မြန်မာတစ်နိုင်ငံလုံးကို ဝေမယ်ဆိုရင်တော့ ဘယ်သူမှတော့ တားမှာမဟုတ်ဘူး ။ ဘယ်ဆင်ဆာမှ ရှိမှာတော့ မဟုတ်ဘူးလေ ။ ဒါပေမယ့် အများပြည်သူ ကြည့်ရအောင် အခမဲ့ပြသဖို့ ရုပ်ရှင်ပွဲတော်ဆိုပြီး ပြသတဲ့အချိန်မှာ မလွှဲမရှောင်သာနိုင်တဲ့ Process (လုပ်ငန်းစဉ်) တစ်ခုကတော့ ရုပ်ရှင်ရုံငှားတာနဲ့ အဒီရုပ်ရှင်ရုံတွေမှာပြဖို့ ဆင်ဆာအဖွဲ့ကို တင်ရတာ ။ သူတို့ (ရုပ်ရှင်ရုံ) တောင်းတဲ့ဈေးကို ပေးပြီးငှားတာတောင်မှ ဆင်ဆာခွင့်ပြုချက်ပါမှဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ် ” ဟု ပြောကြားသည် ။

ဩစတြီးယားနိုင်ငံသား ဒါရိုက်တာ Sabine Derflinger ရိုက်ကူးထားသောကြာချိန် ၉၉ မိနစ် Twilight over Burma ရုပ်ရှင်ကားကို ဇွန်လ ၁၅ ရက်နေ့ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် မွန်းလွဲ ၁၂:၄၅ နာရီ၌ အခမဲ့ပြသွားမည်ဟု ကြေညာထားသည် ။

သီပေါစော်ဘွားစဝ်ကြာဆိုင်အကြောင်းရိုက်ကူးထားသည့် Twilight Over Burma ရုပ်ရှင်မှာ သြစတြီးယား ဒါရိုက်တာက ရိုက်ကူးခဲ့ခြင်းဖြစ်ကာ အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က သျှမ်းပြည်အခြေနေ ၊ သာယာဖွယ်လွမ်းမောဖွယ်နှင့် စစ်အာဏာရှင်စနစ်၏ ဆက်စုပ်ရွံရှာဖွယ်များလည်း ပါ၀င်ပါသည် ။

သီပေါစော်ဘွားသည် အာဏာရှင်ဦးနေဝင်းအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် သျှမ်းစော်ဘွားများအနက်စော်ဘွားတစ်ဦးဖြစ်ပြီး အဖမ်းခံရပြီးနောက် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည် ။

လူ့အခွင့်ရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင်ဖြစ်ပြီး ယခုနှစ်တွင်မူ အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ပထမအကြိမ်ကျင်းပခွင့်ရမည်ဖြစ်သည် ။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...