၎င်းစက်ရုံများကို ဘင်္ဂလာဒေ့ရှ် လုပ်ငန်းရှင်များမှ ရင်းနှီးမြုပ်နှံမည် ဖြစ်သော်လည်း အလုပ်သမားများကိုမူ မြန်မာနိုင်ငံသားများကို ငှားရမ်းမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
၎င်းအပြင် ဘင်္ဂလာဒေ့ရှ် အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား၊ ကျောင်းနှင့် ဆေးရုံများအတွက် ငွေကြေး အကူအညီများလည်း ပေးကမ်းလိုကြောင်း၊ ထိုရည်ရွယ်ချက်မှာ ယင်းဒေသရှိ ပြည်သူများ လူနေမှု အဆင့်အတန်းမြင့်မားစေလို၍ ဖြစ်ကြောင်း ဆိုသည်။
၎င်းပြင် ဘင်္ဂလာဒေ့ရှ်မှ လုံခြံုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာဘက်သို့ အဆိုပြု (၂) ခုပြုထားရာ ယင်းအထဲမှ တစ်ခု အပေါ်တွင် နှစ်နိုင်ငံအနေဖြင့် သဘောတူညီမှု ရရှိထားပြီး နောက်တစ်ခုမှာ သဘောတူညီမှု ရရှိအောင် ညှိနိုင်းနေတုန်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ် အနေဖြင့် နယ်စပ်တွင် ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ရန် အဆိုပြုထားပြီး နှစ်နိုင်ငံ နယ်စပ်ရေးရာ ကိစ္စများကို အဆောတလျင် ဖြေရှင်းနိုင်ရန် အတွက်ဟု ဆိုသည်။
နှစ်နိုင်ငံပြည်သူများ ဆက်ဆံရေး တိုးမြှင့်ရန် အတွက် ရည်ရွယ်ပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံရှိ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်နှင့် ဒက္ကားတက္ကသိုလ်တို့တွင် မြန်မာကျောင်းသားများ ပညာတော်သင်စေလွှတ်ရန် မြန်မာ အစိုးရကို အဆိုပြုထားကြောင်း သိရသည်။
ဒက္ကားတက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်အကြား အဆင့်မြင့် ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာတစ်ခုကိုလည်း လက်မှတ်ရေးထိုးရန် မျှော်လင့်ရကြောင်း သတင်းတွင် ဖော်ပြသည်။
အမည်မဖော်လိုသူ အစိုးရ အရာရှိ တစ်ဦးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့် အတူ တိုးတက်မှုများရှိလာမည် ဖြစ်ကြောင်း၊ ယခု အဆိုပြုချက်များ အပေါ် မြန်မာဘက်က တုန့်ပြန်မှုများ မရရှိသေးကြောင်း ပြောကြားသည်။







