ထိန်းသိမ်းခံထားရသူများမှာ ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်နှင့် ကားပိုင်ရှင် ထူးထူးမောင်တို့ ဖြစ်ကြောင်း ညီညိနိုင်၏ မိခင် ဖြစ်သူက ပြောသည်။
“ ကျွန်မသား ညီညီနိုင်နဲ့ ဦးသိန်းလှိုင်ကို မနေ့က နံနက် ၉ နာရီ ၁၀ နာရီခန့်မှာ ခေါ်ဆောင် သွားပါတယ်။ အက်စ်ဘီကလို့ ပြောပြီး ခေါ်သွားပါတယ်။ အက်စ်ဘီဆိုတာ ဘယ်အဖွဲ့အစည်း ဆိုတာလည်း မသိပါဘူး” ဟု ညီညီနိုင် မိခင် ဖြစ်သူက ယနေ့ နံနက် ၈ နာရီခန့်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
ညီညီနိုင်နှင့် ဦးသိန်းလှိုင် တို့ နှစ်ဦးအား ကျောက်ကလေ ကျေးရွာမှ SB က ခေါ်ဆောင်သွားစဉ် ငမဲဦးမှာ ရွာအပြင်သို့ ရောက်နေ၍ ငမဲဦးအား လာပို့ရန် မှာကြားထားသဖြင့် ကားပိုင်ရှင် ဦးထူးထူးမောင်မှ ကျောက်ဖြူမြို့ SB စခန်းသို့ လိုက်ပို့စဉ် ဦးငမဲဦးနှင့် ဦးထူးထူးမောင်အား SB က ဆွဲထားလိုက်သည်ဟု ဆိုသည်။
“ အခုလို သတင်းမကြား၊ ဘာသတင်းမှလည်း မရတဲ့ အတွက် ဒေါ်ဒေါ်တို့မှာ အထူးစိုးရိမ်နေပါတယ်။ ထမင်းလည်း စားမဝင်၊ ရေလည်း သောက်မရဘဲ ဖြစ်နေပါပြီ။ ဒီရွာမှာ ဒီလို ဖြစ်တာလည်း မရှိတဲ့ အတွက် တစ်ရွာလုံးက စိုးရိမ်နေကြပါတယ်” ဟု ညီညီနိုင်မိခင် ဖြစ်သူက ဆိုသည်။
ဖမ်းဆီးခံရသူ လေးဦးထဲတွင် ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်တို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညဉ့်က တာတမံဆည်ဖို့ရာတွင် အိပ်နေစဉ် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရသူများ ဖြစ်ကြပြီး ရိုက်ပုတ် ထိုးကြိတ်ခြင်းကို ခံခဲ့ရသူများဖြစ်ကြသည်ဟု သိရသည်။
အဆိုပါ လူလေးဦးဖမ်းဆီးခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ကျောက်ဖြူမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ကျောက်ကလေ ကျေးရွာမှ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိကြောင်း၊ ကျောက်ကလေ ကျေးရွာမှာ စနဲရဲစခန်းအပိုင် ဖြစ်သဖြင့် စနဲရဲစခန်းသို့ ဆက်သွယ်မေးမြန်း သင့်ပါကြောင်း၊ SB စခန်းမှာ မြို့ပြင်တွင် တည်ရှိပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို မသိရှိပါကြောင်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
စနဲရဲစခန်းသို့ဆက်သွယ်မေးမြန်းရာ စနဲရဲစခန်းအနေဖြင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရှိသေးပါကြောင်း၊ စနဲရဲစခန်းမှ ကျောက်ကလေ ကျေးရွာမှ တစ်စုံတစ်ဦးအား ဖမ်းဆီးထားခြင်း မရှိပါကြောင်း၊ ကျောက်ကလေ ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ပြီး မေးမြန်းကြည့်မည် ဖြစ်ကြောင်း ပြောကြားသည်။
လူလေးဦး ထိန်းသိမ်းခံထားရပြီး မိသားစုများနှင့် ဆက်သွယ်မရဘဲ ဖြစ်နေသည့် အပေါ် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်အား မေးကြည့်ရာ ယခု သတင်းကို မရရှိသေးကြောင်း၊ ခရိုင်ရဲမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို မေးကြည့်မည် ဖြစ်ကြောင်း ပြောကြားသည်။
နောက်ဆုံး ရရှိသတင်းအရ ယခု လူလေးဦး ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ခရိုင်ရဲမှူးကို မေးကြည့်ရာတွင်လည်း ခရိုင်ရဲမှူးကိုယ်တိုင် မသိရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောကြားသည်။
ယခုအခါ ညီညိနိုင် မိခင်၊ ငမဲဦး မိခင်တို့မှာ ကျောက်ကလေ ကျေးရွာမှနေ ကျောက်ဖြူမြို့သို့ ကားဖြင့် လိုက်ပါသွားကြသည်ဟု ကျေးရွာသားများက ပြောကြားသည်။
နိရဥ္စရာ အနေဖြင့် ကျောက်ဖြူမြို့နယ် အထူးရဲတပ်ဖွဲ့ (SB) နှင့် အဆက်အသွယ် မရရှိသေးသဖြင့် ယခု ဖမ်းဆီး ထိန်းသိမ်းမှုမှာ SB နှင့် သက်ဆိုင်မှု ရှိ/ မရှိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။







