ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်အေးအပါအဝင် လူသုံးဦးကို မတရားအသင်း အက်ဥပဒေဖြင့် အမှုဖွင့်

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်အေးအပါအဝင် လူသုံးဦးကို မတရားအသင်း အက်ဥပဒေဖြင့် အမှုဖွင့်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA)နှင့်ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့်  ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဦးမောင်အေး အပါအဝင် လူသုံးဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံးတွင် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေဖြင့် တရား စွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းတို့သုံးဦးကို ကျောက်ဖြူမြို့နယ် တရားရုံးသို့  ရုံးထုတ်လာခဲ့သော်လည်း စစ်ဘက်ရေးရာ လုံခြံုရေး တပ်ဖွဲ့မှ တရားလိုပြသက်သေ ဗိုလ်ကြီးတင်အောင် ခရီးလွန်နေ၍ ရောက်ရှိမလာသည့်အတွက် အမှုကို စစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။

သို့အတွက် အမှု စစ်ဆေးရန် မတ်လ ရ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု အမှုကို လိုက်ပါ ဆောင်ရွက်မည့်  အထက်တန်းရှေ့နေဦးတင်မြင့် ကပြောသည်။

“ တရားလိုပြသက်သေဖြစ်တဲ့ စရဖ က ဗိုလ်ကြီး ခရီးလွန်နေလို့ ဘာမှစစ်ဆေးမှု မလုပ်ခဲ့ဘူး။ တရား လိုပြ သက်သေက အဓိကကျနေတယ်” ဟု ရှေ့နေဦးတင်မြင့်က ဆိုသည်။

၎င်းတို့သုံးဦးမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး (၃၀) နှစ်၊ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူ (၂၆) နှစ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင် (၂၄) နှစ်တို့ ဖြစ်ကြသည်။

IMG 20160222 141802

ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူက တရားလိုလုပ်ကာ မတရားအသင်းအက်ဥပဒေ ၁၇(၁)/(၂) ဖြင့် တရားစွဲဆိုလိုက်ကြောင်း ၎င်းကပြောသည်။

၎င်းတို့သုံးဦးကို ရုံးထုတ်လာစဉ် ဒေသခံလူပေါင်း တစ်ရာကျော်ခန့်က ဦးမောင်အေးနှင့်ဖမ်းဆီးခံရသူ “ ကျန်းမာပါစေ၊ အမြန်လွတ်မြောက်ပါစေ”  ဟု ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့သုံးဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ ဦးမောင်အေး၏ နေအိမ်မှ စစ်ဘက်ရေးရာလုံခြံုရေး တပ်ဖွဲ့က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရားရုံးတွင် ရမာန်ယူခဲ့ကာ အကျဉ်းထောင်သို့ ပို့ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရုံးထုတ်လာခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ သုံးဦးစလုံး အမှုအတွက် ရခိုင်ပြည်ရှေ့နေများကောင်စီမှ တရားလွှတ်တော်ရှေ့နေ ဦးဘကျော်၊ Thazin Legal Aid မှ အထက်တန်းရှေ့နေ ဦးမျိုးမြတ်ဟိန်းနှင့် ကျောက်ဖြူဒေသခံ အထက်တန်းရှေ့နေများဖြစ်သည့်  ဦးတင်မြင့်၊ ဒေါ်ကြည်ကြည်နှင်းနှင့် ဦးဟန်မင်းလှိုင် တို့မှ လိုက်ပါဆောင်ရွက်သွားမည်ဟုသိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...