ဘူးသီးတောင်မြို့နယ်မှ ထုထည်ကြီးမားဆုံး သုံးဆယ့်တစ်ဘုံ ဘုရားပွဲတော် မတ်လ ၃ ရက်နေ့ စတင် ကျင်းပမည်

ဘူးသီးတောင်မြို့နယ်မှ ထုထည်ကြီးမားဆုံး သုံးဆယ့်တစ်ဘုံ ဘုရားပွဲတော် မတ်လ ၃ ရက်နေ့ စတင် ကျင်းပမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ထုထည် အကြီးမားဆုံး ဖြစ်သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ သုံးဆယ့်တစ်ဘုံဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ ၃ ရက်နေ့တွင် စတင် ကျင်းပမည်ဟု သတင်း ရရှိသည်။

ဘုရားပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစံထွန်းကျော်က “ ဒီပွဲတော်ကို တပို့တွဲလဆုတ် ၉ ရက်၊ မတ်လ ၃ ရက်နေ့ကနေ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ကို ဘာသာရေးအရသာမက အမျိုးသားရေး အသိစိတ်ဓာတ်နဲ့ အနယ်နယ်အရပ်ရပ်မှ ရခိုင်သူ ရခိုင်သားများကို ပါ၀င်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါရစေ” ဟု နိရဥ္စရာသို့ ပြောသည်။

သုံးဆယ့်တစ်ဘုံ စေတီတော်မှာ ရခိုင်ဘုရင်များ နောက်ပိုင်း ရခိုင်ပြည်တွင် တည်ထားခဲ့သော အကြီးမားဆုံး စေတီတော် တစ်ဆူ ဖြစ်ပြီး စစ်ဘေးဒဏ်၊ လူမျိုးခြားများ၏ ဖျက်ဆီးမှု ဒဏ်တို့ကို နှစ်ရှည်လများ ခံခဲ့ရသည့် စေတီတော် တစ်ဆူ ဖြစ်သည်။ ဒေသခံပြည်သူများ၏ စုပေါင်း ကာကွယ် ထိန်းသိမ်းထားသဖြင့် လက်ရှိ အချိန်ထိ တည်တံ့နေသော တစ်ခုတည်းသော ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှ ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း စေတီတော်၏ အစိတ်အပိုင်းအများအပြားမှာ ပျက်စီးယိုယွင်းနေပြီး စေတီတော်အနီးရှိ ရှစ်သောင်းဘုရားပုထိုးနှင့် ငရဲဇရပ်တို့မှာ လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

“ ဒီစေတီတော်က ထုထည်အလွန်ကြီးမားပြီး စေတီတွေကို ဘုံသုံးဆင့်နဲ့ စီစီရီရီ တည်ထားပြီး ရဟန်းတော် အပါးငါးရာနဲ့ဘုရားရှင် ဆွမ်းခံကြွနေတဲ့ ပုံတွေကိုပါ စေတီတော်ပတ်ပတ်လည်မှာ တည်ထားပါတယ်။ ထုထည်ကြီးမားတဲ့ အတွက် ဒီစေတီတော် တည်တံ့ရေးကို ဒီနယ်သူ နယ်သားတွေရဲ့ အင်အားလောက်နဲ့ ထိန်းသိမ်းကာကွယ်ဖို့ မဖြစ်နိုင်ပါ။ ဒါကြောင့် အမျိုးသားရေး အသိနဲ့ ဒီစေတီတော်ကို ထိန်းသိမ်း ကာကွယ်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ဘာသာရေး အသိအပြင် အမျိုးသားရေး အသိနဲ့ပါ ကာကွယ်စောင့်ရှောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ပါတယ်” ဟု ဦးစံထွန်းကျော်က ပြောသည်။

သုံးဆယ့်တစ်ဘုံ စေတီမှာ  ဘူးသီးတောင်မြို့ အရှေ့တောင်ဘက် ၁၃ မိုင် အကွာ စံကိုးထောင် ကျေးရွာတွင် တည်ရှိသည်။

စေတီတော်အား ဘုရားဒကာကြီး ဦးကျော်ခိုင်နှင့် ဇနီး ဒေါ်လှဝန်းတို့က ၁၂၆၄ ခုနှစ် နတ်တော် လဆန်း (၅) ရက်နေ့တွင် စတင် အုတ်မြစ်ချ တည်ထားပြီး ၁၂၆၈ ခုနှစ် နတ်တော် လပြည့်နေ့တွင် ထီးတော်တင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်ဟု စေတီတော်  သမိုင်းမှတ်တမ်းအရ သိရသည်။

၁၉၄၂ ခုနှစ် ကုလား- ရခိုင် အဓိဂရုဏ်းတွင် စေတီတော် အထက်ပိုင်း အဆင့်ကိုးဆင့်ကို ဘာသာခြားများက ဖျက်ဆီးပစ်ခဲ့ပြီး နှောင်းလူများ ပြန်လည် တည်ဆောက်ခဲ့ရသည်ဟု ဆိုသည်။

ယခုအခါ စေတီတော်အား ရွာပေါင်း ၃၀ မှ ဘုရားဂေါပက အဖွဲ့ဖြင့် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း ဂေါပက အဖွဲ့အတွင်းရေးမှူး သိန်းရွှေဦးက ပြောသည်။

ပွဲတော် သုံးရက်အတွင်း စိန်ရွှေရတနာဇာတ်ဖြင့် ကပြဖြေဖျော်မည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...