“ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် ကျောက်ကလေရွာက သုံးဦးနဲ့ နောက်လူငယ် နှစ်ဦးက ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးရွာက ဖြစ်ပါတယ်။ ဖြစ်တာက ဒီလ ၁၇ ရက်နေ့ ညဥ့် ၂ နာရီကျော် ၃ နာရီခန့်မှာ မင်းကြောင်း(ချောင်း) တံတားအနီးမှာ ကာရီ (တာတမံ) ဆည်ဖို့တဲ့ နေရာမှာ အလုပ် လုပ်ကိုင်နေတဲ့ သူတွေနဲ့ ရမ်းသစ်ကြီးက ခေတ္တ လာလည်တဲ့ လူငယ် တစ်ဦးတို့ကို စစ်တပ်က ၀င်ဖမ်းပါတယ်။ ဖမ်းပြီးတာနဲ့ လက်ထိပ်ခတ်ပြီး လက်သီးတွေနဲ့ ထိုးကြိတ်ပါတယ်။ သေနတ်တွေနဲ့ ရင်ဘတ်တွေနဲ့ ထိုးပါတယ်။ ကျွန်တော်ကတော့ သုံးချက် အရိုက်ခံရပါတယ်။ အဲသလို ထိုးကြိတ် ခံရတဲ့ အတွက် ရမ်းသစ်ကြီးက လူငယ်နှစ်ဦးမှာ တော်တော်ကို အနာတရ ဖြစ်သွားပါတယ်” ဟု ဦးသိန်းလိူင်က ပြောဆိုသည်။
စစ်သား ၁၃ဦး၊ ၁၄ ဦးခန့်ပါ၀င်သော တပ်စု တစ်စုသည် ယခုလ ၁၇ ရက်နေ့ ညဥ့် ၂ နာရီကျော် ၃ နာရီခန့်တွင် အဆိုပါ ပုဇွန်နှင့် ဂဏန်းများ မွေးရန် အတွက် တာတမံ ဆည်ဖို့ရာနေရာသို့ ရောက်ရှိ လာပြီး တာတမံ ဆည်ဖို့သူ ပိုင်ရှင်များကို လိုက်ရှာကြောင်း၊ တာတမံဆည်ဖို့သူ ပိုင်ရှင်များ ထွက်ပြေး သွားသဖြင့် အလုပ်ခွင်တွင် ကျန်နေခဲ့သူ ဦးသိန်းလှိုင် (၄၂) နှစ် အပါအဝင် လူငါးဦးအား ဖမ်းဆီး လက်ထိတ် ခတ်ကာ ရိုက်နှက် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ ၅ ဦးကို ဖမ်းတဲ့ တပ်က နပခ မှလို့ သိရပါတယ်။ တာတမံ ပိုင်ရှင်တွေက မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့ အတွက် လိုက်ရှာတယ်လို့ သိရပါတယ်။ သူတို့ ထွက်ပြေးသွားတော့ ကျန်နေတဲ့ အလုပ်သမားတွေ အဖမ်းခံရပြီး ထိုးကြိတ်ခံရတာ ဖြစ်ပါတယ်။ ကျွန်တော်ကို ရိုက်တာက နည်းနည်းပါးလို့ ပြောလို့ရပေမယ့် လူငယ် နှစ်ဦးကတော့ ကျောကုန်းတွေ ဘာတွေ အောင့်တယ်။ အော့အန်တယ်လို့ သိရပါတယ်။ ဆေးထိုးရတယ်လို့ သိရပါတယ် ” ဟု သူက ဆက်ဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် ဦးမောင်သိန်းလှိုင် (၄၂) နှစ်၊ ညီညီနိုင် (၁၈) နှစ်၊ အောင်မင်းနိုင် (ခေါ်) ငမဲဦးတို့ ပါ၀င်ပြီး ကျန် လူငယ်နှစ်ဦးမှာ ရမ်းသစ်ကြီးရွာမှ ဖြစ်သဖြင့် နာမည် မမှတ်မိကြောင်း၊ သူတို့ ငါးဦးစလုံးကို ဖမ်းဆီးပြီး ၁၃ နာရီ အကြာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီမှ လွှတ်ပေး လိုက်ကြောင်း ကျောက်ကလေ ကျေးရွာမှ လူကြီး တစ်ဦးဖြစ်သူ ဦးမောင်တင်အေးက ပြောဆိုသည်။
ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ရမ်းဗြဲမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ တာတမံ ပိုင်ရှင်များမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အလိုရှိနေသူများ ဖြစ်ကြောင်း ရဲက ပြောကြားသည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်ဘက်သို့ မေးမြန်းနိုင်ခြင်း မရှိသဖြင့် စစ်တပ်ဘက်မှ တုန့်ပြန်မှုကို တင်ပြနိုင်ခြင်း မရှိပါ။







