၎င်းကျောက်စာမှာ မြောက်ဦးမြို့၏ တောင်ဘက် (၁၆)မိုင်ခန့်အကွာ ပါးတော်တောင်တန်းရှိ သဘာဝ ကျောက်တောင်တွင် တည်ရှိနေခြင်းဖြစ်ပြီး ယခုအခါ ယင်းကျောက်စာအနီးရှိ တောင်တန်းမှ ကျောက်များကို ကျောက်ထုတ်လုပ်သူများက တူးဖြိုထုတ်ယူနေ မှုကြောင့် ပါးတော်ကျောက်စာမှာ ပျက်စီးတော့မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။
“ဒီရှေးဟောင်းကျောက်စာကို ရှေးဟောင်းသုတေသနဌာနနဲ့ အစိုးရက ခုကတည်းက မထိန်းသိမ်း မကာကွယ်ရင် မကြာခင် လမ်းခင်းတဲ့အထဲ ပါသွားတော့မယ်” ဟု ပါးတော်ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
အလှူမှတ်တမ်း တစ်ခုဖြစ်သည့် အဆိုပါကျောက်စာမှာ အလျှား ၈ ပေ၊ အနံ ၄ ပေ ၄ လက်မနှင့် အထူ ၂ ပေ ၁ဝ လက်မခန့်ရှိပြီး လက်ရှိတွင် ကျောက်စာ၏အောက်ပိုင်းမှာ အနည်းငယ် ကွဲအက်နေသည်ကို တွေ့ရသည်။
ကျောက်စာတွင် “သက္ကြစ် ၈၈၆ ခု ဝါခေါင်” ၊ “လဆန်း ၈ ရျက် ၁ နိ ဥတုနတ်”၊ “လေအသျှည် ၁၀ မင်ကောစ”၊ “ပုတိတေခသေ သင်္ခီကိုဝ်ဖျ”၊ “(က်သော)သူကား လုပ်ကြံရာမမြောက်စီသော” ၊ “အဝစိငရဲ လာစိသော ငရဲသစ်ငုပ်ဖြစ်”၊ “စိသော”ဟု ရေးထိုးပါရှိသည်။

အဓိပ္ပာယ်မှာ “သက္ကရာဇ် ၈၈၆-ခု ဝါခေါင်လဆန်း ၈-ရက်၊ တနင်္ဂနွေနေ့၊ ဥတုနတ်ကို လယ်အသျှည်း ၁ဝ၊ မင်းကောစပတိတည်ခဲ့သည်။ သချႌကိုဖျက်သောသူကား လုပ်ရာကြံရာမမြောက်စေသော၊ အဝီစိ ငရဲလားစေသော၊ ငရဲသစ်ငုတ်ဖြစ်စေသော”ဟု ရှေးဟောင်းသုတေသနဌာန၏ ညွှန်ကြားရေးမှူး (ငြိမ်း) လည်းဖြစ်၊ သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဦးကျော်ထွန်းအောင် (တက်ထွန်းနီ-မြောက်ဦး)၏ ရခိုင် မဂ္ဂဇင်း အမှတ်(၇)ပါ “ဥတုခင်စိုင်း(ပါးတော်)ကျောက်စာ သမိုင်းနှင့် အဓိပ္ပါယ်” တွင်ဖော်ပြထားသည်။
ကျောက်စာကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှေးဟောင်းသုတေသန၏ မြောက်ဦးဌာနခွဲမှ တာဝန်ရှိသူ တချို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကျောက်ထုတ်လုပ်သူများကိုလည်း ခေတ္တ ရပ်တန့် ထားရန် ပြောဆို ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
အဆိုပါကျောက်စာနှင့်ပတ်သက်ပြီး နိရဥ္စရာအနေဖြင့် ရှေးဟောင်းသုတေသန မြောက်ဦးဌာနခွဲ၏ သဘောထားကို ရယူနိုင်ခြင်းမရှိသေး ပါ။
အဆိုပါကျောက်စာအနီးတွင် ရခိုင်တို့၏ရှေးကျသည့် တစ်ကြောင်းဆွဲပန်းချီလက်ရာများသည်လည်း ထိန်းသိမ်းမှုကင်းမဲ့နေသည်ကိုတွေ့ရ သည်။
(ကျောက်ထုတ်သူများကြောင့် ပျက်စီးမည့်အန္တရာယ်နှင့်ကြံုနေရသည့် ပါးတော်ကျောက်စာအား တွေ့ရစဉ်/ ဓာတ်ပုံများ – နိရဥ္စရာ)
နိရဥ္စရာ သတင်းဌာန







