လေလံတင်ရောင်းချမည့် မော်တော်ကား ၁၁၇ စီးကို ပြည်ထောင်စုစီမံ၊ စီးပွားဝန်ကြီးဌာနသို့ အပ်နှံရမည်ဖြစ်သောကြောင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း လေလံတင်ရောင်းချရေး ကော်မတီမှသိရသည်။
လေလံတင်ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းနွယ်စိုးက ”မနေ့က ညဦးပိုင်းမှာ ကျွန်တော့်ဆီကို ညွှန်ကြားချက်တစ်ခုလာပါတယ်၊ ကျွန်တော်တို့ပြည်နယ်က လေလံတင် ရောင်းချမယ့်ကားတွေကို ပြည်ထောင်စု စီမံ၊စီးပွားဝန်ကြီးဌာနကိုအပ်ပါ။ နောက်ပြီးလို့ရှိရင် မွန်ပြည်နယ်အတွင်း အမှန်တကယ်လိုအပ်သည့် ဌာနများသို့ မျှတစွာပြန်လည်ထုတ်ပေးသွားရန် အကြောင်းကြားပါသည် ဆိုပြီးတော့ ကျွန်တော်တို့ကို ညွှန်ကြားလာပါတယ်” ဟု ပြောသည်။
အဆိုပါလေလံပွဲဖျက်သိမ်းခြင်းကြောင့် မကျေမနပ်ဖြစ်မိကြောင်း မော်တော်ယာဉ် လေလံဆွဲမည့်သူများက ပြောသည်။
လေလံဆွဲမည့် ဦးဇော်လွင်က “ဦးတို့အနေနဲ့ အချိန်တွေကုန် ၊ပိုက်ဆံတွေအကုန်ခံပြီးတော့ ဒီလေလံပွဲကိုလာရတာ။ ကား ၁၁၇ စီးရှိတယ်၊ ဦးကတော့ ဖောင်အစောင် ၃၀ ၀ယ်ထားတယ်။ ဖောင်တစ်စောင်ကို ၅ ထောင်ကျပ်ပေးရတယ်၊ ကားတစ်စီးအတွက်ဆိုရင် စရံငွေကျပ်သိန်း ၂၀ ပေးထားရတယ်” ဟု ပြောသည်။
လေလံဆွဲမည့်သူများအနေဖြင့် ပယ်ဖျက်သည့်စာအမှတ်အား တောင်းခံသော်လည်း လေလံကော်မတီမှ ပေးခွင့်မရှိကြောင်း၊ အလိုရှိပါက ပြည်နယ်အစိုးရရုံး အဖွဲ့သို့ တောင်းခံနိုင်ကြောင်း လေလံကော်မတီက ပြောသည်။
“ကြေညာထားတဲ့အတိုင်း ကျွန်တော်တို့က မှန်မှန်ကန်ကန် လေလံပြန်ပေးစေချင်တယ်။ ဒါကို ဘာကြောင့် ဖျက်သလဲဆိုတာကို သူတို့ဘက်က တိတိကျကျမရှင်းပြဘဲ ပယ်ဖျက်တဲ့အတွက် မကျေမနပ်ဖြစ်တယ်” ဟု မော်တော်ယာဉ်လေလံဆွဲသူ ကိုတင်ထွန်းအောင်က ဆက်ပြောသည်။
ယင်းကဲ့သို့ မော်တော်ယာဉ် လေလံပွဲပျက်သွားသဖြင့် လေလံဆွဲမည့်သူ ၂၀ ဦးဝန်းကျင်ခန့် အချိန်နှင့်ငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မော်တော်ယာဉ်များကို မွန်ပြည်နယ်အစိုးရက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ၂၉၁ စီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၅၀ စီးနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ၈၈ စီးတို့ကို လေလံတင် ရောင်းချခဲ့ပြီးဖြစ်သည်။







