မြေယာအခွင့်အရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပ

မြေယာအခွင့်အရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပ
နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနေစဉ် (မင်းပိုင်)
နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနေစဉ် (မင်းပိုင်)
သံလွင်အရှေ့ခြမ်း မွန်ဒေသရှိ တောင်သူလယ်သမားများနှင့် မြေယာအသုံးချသူများ၏ မြေယာအခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမ၌ ဖေဖော်ဝါရီလ (၁၄-၁၅) ရက်နေ့များတွင် (၂) ရက်တာ ကျင်းပနေသည်ဟု သိရသည်။

လက်ရှိနိုင်ငံတော်အစိုးရမှ ပြဌာန်းထားသည့် ဆဌမအကြိမ်မြောက် အမျိုးသားမြေ အသုံးချမှုမူဝါဒ (မူကြမ်း)၊ လယ်ယာမြေဥပဒေ၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊ တောင်သူလယ်သမား အခွင့် အရေးကာကွယ်ရေးဥပဒေတို့၏ အားနည်းချက်၊ အားသာချက်များကိုု အဆိုပါနှီးနှောဖလှယ်ပွဲတွင် အဓိကထားဆွေးနွေးကြမည်ဟု ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

“၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် မွန်ဒေသရှိ တောင်သူလယ်သမားများ၊ ရာဘာခြံပိုင်ရှင်များ၊ မြေယာအသုံးချသူများသည် မိမိတို့ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးခဲ့မှုများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအချိန်အထိ မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင် ထိရောက်သည့် ဖြေရှင်းပေးမှုမျိုး မရှိခဲ့သေးသည်ကို တွေ့ရသည်” ဟု နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးတာဝန်ခံ နိုင်စဝေါမွန်က ပြောသည်။

လက်ရှိအစိုးရလက်ထက်တွင် လယ်ယာမြေနှင့်သက်ဆိုင်သော ဥပဒေများ၊ တောင်သူလယ်သမား အခွင့်အရေး များနှင့် သက်ဆိုင်သောဥပဒေများ ပြဌာန်းပေးနိုုင်ခဲ့သော်လည်း ယင်းဥပဒေများတွင် အားနည်းချက် များစွာရှိ နေပြီး တောင်သူလယ်သမားများတို့၏ မြေယာအခွင့်အရေးများကို ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ထို့ကြောင့် မွန်ဒေသရှိ တိုင်းရင်းသားများနှင့် ကိုက်ညီသော မြေယာမူဝါဒတစ်ရပ် ပေါ်ထွန်းလာရေး၊ ဒေသအတွင်း တိုင်းရင်းသားတောင်သူလယ်သမားအဖွဲ့အစည်း ကွန်ရက်တစ်ခုပေါ်ပေါက်လာရေးနှင့် အချင်းချင်းကြား ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာစေရေး ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက် (၄) ခုဖြင့် ယခုနှီးနှော ဖလှယ်ပွဲကို ကျင်ပခြင်းဖြစ်သည်ဟု ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ သိရသည်။

ရေးမြို့နယ်မှ ကိုယ်စားလှယ် နိုင်အောင်ထော်မွန်က “လက်ရှိ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ မြေယာကိစ္စပြဿနာတွေဟာ တစ်ဦး၊ တစ်ဖွဲ့တည်းနှင့် ဖြေရှင်းလို့ရမှာ မဟုတ်ဘူး၊ အခက်အခဲတွေ အများကြီးရှိနေတယ်၊ ဒါကြောင့် ကျွန်တော်တို့စည်းစည်းလုံးလုံးနဲ့ တရားဥပဒေ နည်းလမ်းအတိုင်း ဆောင်ရွက်တတ်ဖို့ လိုအပ်လာပြီ” ဟု ပြောသည်။

နှစ်ရက်တာ ပြုလုပ်သွားမည့် နှီးနှောဖလှယ်ပွဲကို မွန်ပြည်လူအခွင့်အရေးဖောင်ဒေးရှင်းမှ ကမကထပြုလုပ်ပြီး မွန်ဒေသရှိတောင်သူလယ်သမားအရေးနှင့် မြေယာအခွင့်အရေး စိတ်ဝင်စားသူများက လုပ်ငန်းကော်မတီဖွဲ့စည်း၍ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင်းရှိ မွန်၊ ကရင်တောင်သူလယ်သမားကိုယ်စားလှယ်များ၊ မြေယာအရေး လှုပ်ရှာသူများ၊ တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ကိုယ်စားလှယ်များနှင့် မြေယာဥပဒေပညာရှင်များ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ဆွေးနွေးနေကြသည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...