ANP မှ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တင်မြောက်ခံရခြင်း အပေါ် NLD ပြည်နယ် လွှတ်တော်အမတ်များကြိုဆို

ANP မှ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တင်မြောက်ခံရခြင်း အပေါ် NLD ပြည်နယ် လွှတ်တော်အမတ်များကြိုဆို
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌ ရွေးချယ် တင်မြောက်ခံရခြင်း အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်နယ် လွှတ်တော်အမတ်များက ကြိုဆိုလိုက်သည်။

“ကျွန်တော်တို့က ကြိုဆိုပါတယ်။ ခုလို ပြည်နယ် လွှတ်တော်မှာ ANP လွှတ်တော်ကိုယ်စားလှယ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တင်သွင်း တဲ့အပေါ်မှာ ကိုယ့်လူမျိုးအချင်းချင်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ANP က တင်တော့ ကျွန်တော်တို့ဘက်က တင်စရာမလိုတော့တဲ့ အတွက် မတင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးစလုံးက ၀မ်းသာစွာနဲ့ကြိုဆိုပါတယ်” ဟု NLD  ဗဟိုကော်မတီဝင် တောင်ကုတ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က နိရဥ္စရာသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်အမျိုးသား ပါတီက ၂၂ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၉  နေရာ၊ ပြည်ခိုင်ဖြိုးက ၃ နေရာနှင့် ချင်းရေးရာ လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၁၂ နေရာရှိသည်။

ယနေ့ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်း ပထမဆုံးနေ့ လွှတ်တော်ကို ကျင်းပရာ ရခိုင်အမျိုးသားပါတီမှ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှအား လွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ရခိုင်အမျိုးသား ပါတီ ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်  ဦးဖိုးမင်းအား ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း တင်မြောက်ခဲ့ကြသည်။

 “ ကျွန်တော့်ကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အဆိုပြု တင်သွင်းသူက ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် ဖြစ်ပါတယ်။ ပြိုင်ဆိုင်တင်တဲ့သူ မရှိသလို ကျွန်တော် တစ်ယောက်တည်းဘဲ တင်မြောက်ခံရတာ ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌ အဖြစ်တင်မြောက်ခံရသူကတော့ ဦးဖိုးမင်း ဖြစ်ပါတယ်” ဟု ဦးစံကျော်လှက နိရဥ္စရာသို့ ပြောသည်။

 ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တင်မြောက်ခံရသဖြင့် တာဝန်ကြီး တစ်ခု ပခုံးပေါ်သို့ ကျရောက်လာသည်ဟု ခံစားမိပြီး ရခိုင်ပြည်နယ် အကျိုး၊ ပြည်ထောင်စု၏ အကျိုးကို အတတ်နိုင်ဆုံး ထမ်းရွက်သယ်ပိုးသွားမည် ဖြစ်ကြောင်း ဦးစံကျော်လှက ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...