ကိုခိုင်စိုးသည် ရက္ခဘီလူး နာမည်ဖြင့် face book စာမျက်နှာတွင် လူသိများသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ဟာတ်ယိုင်မြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ကားတိုက်ခံရရာမှ နောက်ထပ် အဖော်တစ်ဦးနှင့် အတူ သေဆုံးသွားခြင်း ဖြစ်သည်။ နောက် မြေပုံမြို့နယ် ကျောက်ငနွားကျေးရွာမှ တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ ယခုအချိန်ထိ ဟာတ်ယိုင် ဆေးရုံတွင် ဆေးကုသမှုကို ခံယူ နေရဆဲဖြစ်သည်ဟု သိရှိရသည်။
သေဆုံးသူ ရက္ခဘီလူး (ခ) ခိုင်စိုး(ခ) ကိုကိုနိုင် (၃၀ နှစ်) မှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ကျေးရွာဖြစ်ပြီး ကိုညီပု မြေပုံမြို့နယ် ကျောက်ငနွားကျေးရွာမှဖြစ်ကြောင်း ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း ARKG မှ အတွင်းရေးမှူး ခိုင်အေလင်းက ပြောသည်။

ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုခိုင်စိုးသည် သူငယ်ချင်း တစ်ဦးကို လိုက်ပို့စဉ် ကားတိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။
“ခိုင်စိုးက သူ့သူငယ်ချင်းတစ်ယောက်ကို ဇန်နဝါရီလ ၂၉ ရက်နေ့ည ၁၀ နာရီလောက်က ဆိုင်ကယ်နဲ့ သွားလိုက်ပို့စဉ် ကားတိုက်ခံရပြီး သေဆုံးသွားတာပါ။ ဆိုင်ကယ်မောင်းတဲ့ ကိုညီပုကတော့ ဖြစ်တဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီး၊ ခိုင်စိုး(ခ) ကိုကိုနိုင်ကတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၄ နာရီလောက်မှာ ဆုံးသွားတယ်လို့ ဆရာဝန်ဆေးမှတ်တမ်းအရ သိရှိရပါတယ်”ဟု ခိုင်အေလင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
တိုက်သည့် ကားကို ယခု အချိန်ထိ သိရှိရခြင်းမရှိသေးဘဲ ထိုင်းရဲက လိုက်လံစုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
သေဆုံးသူခိုင်စိုးတွင် ဇနီး ဇင်မာဌေးနှင့် ၂ နှစ်ကျော်သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။







