စစ်တွေမြို့တည်ထောင်သည့် ၁၉၀ပြည့်နှစ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်နေ့များတွင် ကျင်းပပြုရန် အတွက် ဒုတိယ အကြိမ်မြောက် အစည်းအဝေးကို စစ်တွေမြို့ မိဇံရပ်ကွက် အေးစေတီတွင် ဖေဖော်ဝါရီလ ၄ရက်နေ့ ညနေ့ ၄ နာရီခန့််က ပြုလုပ်ခဲ့သည်။
၎င်းအစည်းအဝေးကို “သာကီမဏ္ဍိုင်” ရခိုင်ယဉ်ကျေးမှုမြင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့ ရပ်ကွက်အသီးသီးမှ အုပ်ချုပ်ရေးမှူးများနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
” ကျွန်တော်တို့က စစ်တွေမြို့တည်ခဲ့တာ နှစ်၁၉၀ ပြည့်သွား ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဒီလို အခမ်းအနားတွေကို မလုပ်ဖြစ်ခဲ့ကြဘူး။ အဲဒီမလုပ်ဖြစ်ခဲ့တာကို ကျွန်တော်တို့ သာကီမဏ္ဍိုင် ရခိုင် ယဉ်ကျေးမှုမြင့်တင်ရေးအဖွဲ့အနေနဲ စစ်တွေမြို့တည် နှစ် ၁၉၀ပြည့် အခမ်းအနားကို လုပ်ခြင်းအားဖြင့် စစ်တွေမြို့မှာ မွေးဖွားကြတဲ့ လူကြီး၊လူငယ်၊ ရဟန်း၊သံဃာတို့ အနေနဲ့ စစ်တွေမြို့မှာ မွေးကြပေမယ့် စစ်တွေမြို့အကြောင်းကို အခုမှပြန်သိရတဲ့ အသိစိတ်တစ်ခုဝင်လာအောင် ရည်ရွယ်ပြီး ဒီလို အခမ်းအနားကို လုပ်မယ်လို စီစဉ်တာဖြစ်ပါတယ်”ဟု သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုးမြင့်တင်ရေး နာယက ဦးမောင်သိန်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် မြို့တည်နေရာတစ်ခု သတ်မှတ်ပြီးလျှင် စစ်တွေမြို့ကို တည်ထောင်ခဲ့သည့် ထင်ရှားသောပုဂ္ဂိုလ်များ၏ ၀တ်စုံများကို ၀တ်ဆင်ပြီး သရုပ်ပြခြင်း၊ မြို့တည်ခြင်း အောင်ခြင်းမင်္ဂလာ ရတုကို စည်တီးပြီးရွတ်ဆိုခြင်း၊ ရခိုင်ရိုးရာ အစဉ်အလာအရ မိဇံရပ်ကွက် နတ်ကွမ်းတွင် နတ်ပူဇော်ခြင်း၊ စည်တီးပြီး စစ်တွေမြို့ကို လမ်းလျှောက် လှည့်လည်ခြင်း၊ စစ်တွေမြို့ရှိ အထင်ကရ နေရာများ၊ အထင်ကရပုဂ္ဂိုလ်များကို ဓာတ်ပုံ၊ဗီနိုင်းများဖြင့် ပြသခြင်း အစီစဉ်များကို စီစဉ်ထားသည်ဟု သိရသည်။
အခမ်းအနားတွင် ပန်းချီပြခန်း၊ ကာတွန်ပြခန်း၊ရခိုင်ယဉ်ကျေးမှုပြခန်း၊ စာပေပြခန်းနှင့် ဓာတ်ပုံပြခန်းများ ပါ၀င်မည်ဖြစ်ပြီး နောက်နေ့များတွင် ရခိုင်တေးသံရှင်များ ဖျော်ဖြေမှုများလည်း ပါ၀င်မည်ဖြစ်သည်။
စစ်တွေမြို့ကို ၁၁၈၇ ခုနှစ်၊တပိုတွဲလဆန်း ၅ ရက်နေ့၊ နေ့တပိုအချိန်တွင် ဒဲဝန်းကြီး ဦးအောင်ကျော်သူ၊ မြို့သူကြီး ဦးအောင်ကျော်ဇံ၊ မင်းသားကြီး ဦးရွှေဗန်း၊ အင်္ဂလိပ်လူမျိုး ကတ်တွန်နှင့် မြို့ဝန်ဒေကဒ်ချိန်းတို့က မိဇံရပ်ကွက် တံငါးရွာတွင် ပနက်ရိုက်ပြီး စစ်တွမြို့ကို တည်ထောင်ခဲ့သည်ဟု သိရသည်။







