အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ဇန်နဝါရီ(၃၁)ရက်နေ့ ညနေ ၃နာရီကျော်ခန့်တွင် မြေပုံမြို့နယ်မှ ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားလေးဦးဖြင့် လာရောက် ပို့ဆောင်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ်၊ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးသန်းနိုင်မြင့် ကပြောသည်။
”ဒီနေ့ ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်မှ ကျောက်ဖြူထောင်သို့လာပို့ပါတယ်။ ရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား လေးဦး အစောင့်အရှောက်နဲ့ လာပို့ပါတယ်။ ကျနော်နဲ့ ပါတီဥက္ကဋ္ဌတို့ အကျဉ်းထောင်ကိုသွားပြီးတော့ စားစရာတွေ သွားပေးခဲ့တယ်“ဟုဦးသန်းနိုင်မြင့် ကပြောသည်။
ဦးလှအောင်ညွန့် ပြစ်ဒဏ်ချမှတ်ခံထားရသောကိစ္စနှင့်ပတ်သက်ပြီး အယူခံဝင်ရန်အတွက် ကျောက်ဖြူမှ ရှေ့နေနှင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု ပုဒ်မများဖြစ်သည့် ၄၅၁၊ ၅၀၆တို့ဖြင့် မြေပုံမြို့နယ် တရားရုံးက ထောင်ဒဏ်( ၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
သူ့အနေဖြင့် မင်းပြားမြို့နယ်တရားရုံးကို အယုံအကြည်မရှိဟုဆိုကာ မြောက်ဦးခရိုင် တရားရုံးကို အယူခံတင်ခဲ့ရာ မြောက်ဦးခရိုင်တရားရုံး မှ မြေပုံမြို့နယ်တရားရုံးသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
မင်းပြားမြို့နယ် အမှတ်(၂)အနိုင်ရ ပြည်နယ်လွှတ်တောကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှုဖြင့် တရားတရားစွဲသူမှာ မင်းပြားမြို့၊ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်ဖြစ်ကြောင်း သိရသည်။







