ပန်းမြောင်းမြို့ မြစ်ကမ်းပြိုမှုကို ကျပ်သိန်းနှစ်ထောင်အသုံးပြု၍ သစ်လုံး၊ ဝါးလုံးများဖြင့် မြေထိန်းနံရံ တည်ဆောက်မှုအပေါ် ဒေသခံများဝေဖန်

ပန်းမြောင်းမြို့ မြစ်ကမ်းပြိုမှုကို ကျပ်သိန်းနှစ်ထောင်အသုံးပြု၍ သစ်လုံး၊ ဝါးလုံးများဖြင့် မြေထိန်းနံရံ တည်ဆောက်မှုအပေါ် ဒေသခံများဝေဖန်
by -
နိရဥ္စရာ
ဓာတ်ပုံ – ပန်းမြောင်းကျေးရွာမြစ်ကမ်းပြိုမှုအား ကာကွယ်မှုပြုလုပ်နေသည်ကို ဇန်နဝါလ ၂၄ ရက်နေ့ကတွေ့ရစဉ်/ Photo by – Narinjara
ဓာတ်ပုံ – ပန်းမြောင်းကျေးရွာမြစ်ကမ်းပြိုမှုအား ကာကွယ်မှုပြုလုပ်နေသည်ကို ဇန်နဝါလ ၂၄ ရက်နေ့ကတွေ့ရစဉ်/ Photo by – Narinjara
ရခိုင်ပြည်နယ် မင်းပြားမြိို့နယ် ပန်းမြောင်းမြို့  မြစ်ကမ်းပါးပြိုကျမှုကို ထိန်းသိမ်းရန် အတွက် ကျပ်သိန်း နှစ်ထောင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ယင်းကမ်းပါး မြေထိန်းနံရံကို သစ်လုံးများ၊ ဝါးလုံးများဖြင့် တည်ဆောက်နေသဖြင့် ဒေသခံများ၏ ဝေဖန်လျက် ရှိနေကြာင်း သတင်း ရရှိသည်။

ကွန်ကရစ်ကျောက်စီ နံရံများဖြင့် ကာကွယ်ခဲ့သော်လည်း မရခဲ့ဘဲ ပြိုကျခဲ့သော ပန်းမြောင်းမြို့ ကမ်းပါးကို ယခုကဲ့သို့ ငွေကြေး အများအပြား အကုန်ကျခံပြီး သစ်လုံး ၀ါးလုံးများဖြင့် ကာကွယ်နေမှုမှာ ထိရောက်မှု မရှိနိုင်သဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Pan Myung embankment

“ပုံစံက ဒီလောက်ဟာကို မပြောနဲ့။ ကွန်ကရစ်တိုင်တွေနဲ့ လုပ်တာတောင် အောက်က လှိုက်စားလာလို့ လဲကျသွားတာ။  ကမ်းပါးလည်း ပြိုကျသွားတယ်။ ကျွန်မအိမ်ပြိုတဲ့အခါလည်း ကျွန်မတို့ တစ်နေ့မှ မအိပ်ရဲဘူး။ အက်ကြောင်းလေးထင်လာတာနဲ့ လဲပြိုသွားတာပဲ။ ဖြစ်သင့်တာက မြစ်ဆုံကနေ ရေကြောင်းလွှဲရမယ်။ ဧရာမ သင်္ဘောကြီးတွေနဲ့ ကျောက်တွေချပြီး ကျောက်တန်းကြီးတွေနဲ့ တည်ဆောက်ပြီး တားပစ်လိုက်ရမယ်။ ဒါမှ မြစ်ရေစီးကြောင်း ပြောင်းပြီး  ဟိုဘက်က မြစ်က ပတ်စီးဆင်း သွားမှာလေ”ဟု မြစ်ကမ်းအနီး ဆိုင်ရောင်းသူ ဒေါ်မဲကျီက ပြောသည်။

ပန်းမြောင်းမြို့ မြစ်ကမ်းပါးပြိုကျမှုကို ပြီးခဲ့သည့်နှစ်ကလည်း အစိုးရက ကျပ်သိန်း ၂,ဝဝဝ အကုန်အကျခံကာ  ကွန်ကရစ်တိုင်များဖြင့် ထိန်းသိမ်းကာကွယ်မှုပြုလုပ်ခဲ့သော်လည်း မြစ်ကမ်းပါးပြိုမှုကို မတားဆီးနိုင်ခဲ့ဟု ဒေသခံများက ဆိုသည်။

ယခုနှစ်တွင်လည်း ကျပ်သိန်း ၂,ဝဝဝ အကုန်အကျခံ၍ ထက်မိုးပွင့်ဆောက်လုပ်ရေးကုမ္ပဏီက ယခုကဲ့သို့ သစ်လုံးငယ်များနှင့် ဝါးလုံးများအသုံးပြု ကာကွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။

“ကျွန်တော်ကတော့ အခုလုပ်နေတာကို သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ ခိုင်ခံ့မှုရှိမယ်မထင်ဘူး။ သူတို့က ပြိုသွားပြီးတဲ့မြေအပေါ်ကပဲ ပြန်လုပ်တာဖြစ်ပါတယ်။ အရင်တုန်းက အုတ်နံရံနဲ့ ကွန်ကရစ်တိုင်ကြီးတွေနဲ့ထိန်းတာတောင်မရဘူး။ အောက်က ရေတိုက်စားပြီးတော့ကို ပြိုကျတာလေ။ အပေါ်က  ပြိုသွားပြီးတဲ့မြေအပေါ်မှာ ဒီတိုင်တွေစိုက်ရင်လည်း သူ့ဟာသူ လျှောကျသွားမှာပါပဲ။ ကမ်းက ဒီအတိုင်းပြိုတာတော့ မဟုတ်ပါဘူး။ ရေက အောက်ကနေတိုက်စားတော့ အပေါ်က တောင်ပေါ်က ရေစီးတွေနဲ့ ရေက စိမ့်လာပြီးတော့ ပြိုကျတာဖြစ်ပါတယ်”ဟု မြစ်ကမ်းပြို၍ ဆိုင်ရွှေ့ပြောင်းတည်ဆောက်ရောင်းချနေရသူ ကိုပေါက်စက ပြောသည်။

ယင်းမြစ်ကမ်းပါးကို ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်နေသည့် ကုမ္ပဏီမှတာဝန်ရှိများအပြောအရ အစိုးရ ချပေးသည့်ဘတ်ဂျက်ဖြင့် ကွန်ကရစ်တိုင်များအသုံးပြုကာကွယ်လျှင် မြစ်ကမ်းဧရိယာအနည်းနည်းကိုသာ ကာကွယ်မှုပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ သစ်လုံးများနှင့် ဝါးလုံးများသုံးကာ မြစ်ကမ်း တစ်လျှောက်လုံး ကို ကာကွယ်မှုလုပ်လိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။

“ဘတ်ဂျက်နဲ့ညီမျှအောင်လို့ ပေ ၁,ဝဝဝ လုံးကို ကျွန်တော်တို့ ရွာက လူတွေနဲ့ အုပ်ချုပ်ရေးမှူးအပါအဝင်ပေါ့။ တိုင်ပင်ပြီး ပြောပြီးတော့မှ သူတို့က ဒီအတိုင်းလက်ခံတယ်ဆိုလို့ ကျွန်တော်တို့ အခုလို လုပ်လိုက်တာပါ”ဟု ကုမ္ပဏီမှ လုပ်ငန်းခွင်တာဝန်ခံ ကိုကျော်စွာထွန်းက ပြောသည်။

ယခုကိစ္စကို ကုမ္ပဏီအနေဖြင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ကျေးရွာသားအများစု၏ သဘောထားကို ရယူမှု မရှိခဲ့သည့်အတွက် ကုမ္ပဏီအပါအဝင် ကုမ္ပဏီနှင့်တွေ့ဆုံခဲ့သည့်လူတချို့မှာ ရိုးသားမရှိဟုလည်း ဒေသခံများ က ဝေဖန်နေကြသည်။

ပန်းမြောင်းကျေးရွာမြစ်ကမ်းပါးကို လေးမြို့မြစ်ရေက မြစ်ရေအောက်မှ လိုဏ်ခေါင်းခံကာ တိုက်စားနေသည့် အတွက် နှစ်စဉ်နှစ်တိုင်း မြစ်ကမ်းပါးပြိုမှုဒဏ်ကို ဆိုးဆိုးဝါးဝါးခံနေရသည်ဟုလည်း ဆိုကြသည်။

ပြီးခဲ့သည့်မိုးတွင်းကလည်း မြစ်ကမ်းပြို၍ လူနေအိမ်အပါအဝင် စျေးဆိုင်ခန်းပေါင်း ၃ဝ ကျော်ခန့် ပြိုကျ ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။

ဓာတ်ပုံ – ပန်းမြောင်းကျေးရွာမြစ်ကမ်းပြိုမှုအား ကာကွယ်မှုပြုလုပ်နေသည်ကို ဇန်နဝါလ ၂၄ ရက်နေ့ကတွေ့ရစဉ်/ Photo by – Narinjara

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...