အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ရိုက်နှက်ထိုးကြိတ်

အသက်၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ရိုက်နှက်ထိုးကြိတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ အသက် (၁၉) နှစ် အရွယ် လူငယ်တစ်ဦးအား ဇန်နဝါရီလ ၂၄ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦးက အကြောင်းမဲ့ ရိုက်နှက် ထိုးကြိတ်သဖြင့် ခြေထောက်နှင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး ယခုအခါ ဆရာဝန်ထံ သွားရောက်ပြသနေရသည်ဟု သတင်း ရရှိသည်။

 ရိုက်နှက် ထိုးကြိတ်ခံရသည့် လူငယ်မှာ (ဘ) ဦးမောင်ကောင်းစံ၊ (မိ) ဒေါ်မသိန်းနုတို့၏သား မောင်စောနိုင် (၁၉) နှစ်ဖြစ်သည်။

 “ ကျွန်တော် ချွတ်ပြင်တံတားနားမှာ စက်လှေ စက်ပျက်တဲ့ အတွက် စေတီပြင်ရွာကို ပစ္စည်းတွေ ယူပြီး စက်ကို ပြန်ပြင်ပါတယ်။ အဲဒီစက်လှေနားမှာ နယ်ခြားစောင့်တပ်က တပ်သား တစ်ဦးရှိနေပါတယ်။ ဒီရေကျနေတော့ ဒီရေ အမှီကျွန်တော်က ရွာကိုပြန်မယ်ဆိုပြီး စက်လှေထွက်တော့ မထွက်ရဘူးဆိုပြီး ပြောပါတယ်။ အစကတည်းက မထွက်ရဘူးဆိုရင်လည်း မထွက်ရဘူးလို့ မပြောပါ။ ကမ်းကခွာပြီးမှ မထွက်ရဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်ကလည်း စက်လှေပေါ်မှာ တစ်ယောက်တည်းဆိုတော့ စက်ရပ်ရမလား၊ ကမ်းကပ်ရမလားနဲ့ အလုပ်ရှုပ်သွားပါတယ်။ သူက မရမနေ ခေါ်တော့ ကျွန်တော်က စက်လှေကို မရမနေ ပြန်ကပ်ပါတယ်။ ပြန်ကပ်တာနဲ့ ဓနိပင် အရိုးတံနဲ့ ပထမရိုက်ပါတယ်။ နောက်ထပ် နယ်ခြားစောင့် တပ်သားနှစ်ဦး မော်တော်ဆိုင်ကယ်နဲ့ ရောက်လာပြီး ကျွန်တော်ကို ၀ိုင်းဝန်းရိုက်နှက်ကြပါတယ်။ ဦးခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာ ရသွားတဲ့ အတွက် အခု ဆရာဝန်ဆီမှာ ပြသနေရပါတယ်” ဟု အရိုက်ခံရသူ မောင်စောနိုင်က နိရဥ္စရာသို့ ပြောဆိုသည်။

 ၎င်းပြင် စက်လှေတွင် လိုင်စင်ပါသလား၊ ဘယ်သူ့စက်လှေလည်း မေးမြန်းကြောင်း၊ မောင်စောနိုင်မှ စက်လှေတွင် လိုင်စင်ရှိသော စက်လှေ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ပုံမှန်အခွန်ဆောင်ပြီး လုပ်ကိုင် စားသောက်နေခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း၊ နောက်ပိုင်းတွင် ရိုက်နှက်သတ်ပုတ်မှုအတွက် နယ်ခြားစောင့်တပ်ဖွဲ့သုံးဦးမှ တောင်းပန်သည်ဟု ပြောကြားကြောင်း သူကဆိုသည်။

 နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ စေတီပြင်ရွာ စခန်းမှ ဖြစ်ကြပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ ကျေးရွာသူ ကျေးရွာသားများနှင့် ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြသူများ ဖြစ်ကြပြီး ယခုလို အနိုင်ကျင့် ရိုက်နှက်မှု ဖြစ်ပွားခြင်း အပေါ် အများက နားမလည်အောင် ဖြစ်နေကြသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စက်လှေပိုင်ရှင် အမျိုးသမီးက စေတီပြင် ကျေးရွာ နယ်ခြားစောင့်တပ်ဖွဲ့ စခန်းမှူး တင်ထွန်းဦးအား သွားရောက်တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်က အဆိုပါ စခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်းပြတ်တောက်သွားခဲ့ပြီး ဆက်လက် မေးမြန်းသော်လည်း ဆက်သွယ်ရေးပြင်ပ ဧရိယာသို့ ရောက်နေသည်ဟု ဖုန်းထဲက အကြောင်း ပြန်သဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

စေတီပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ အခင်းဖြစ်ပွားမှုမှာ မှန်ကန်ကြောင်း ပြောဆိုပြီး သူအား တရားဝင် တိုင်ကြားခြင်း မရှိသေးကြောင်း ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...