MCL ဘိလပ်မြေစက်ရုံကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပြီ

MCL ဘိလပ်မြေစက်ရုံကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပြီ
ဆောက်လုပ်ဆဲ MCL ဘိလပ်မြေစက်ရုံ(MNA)
ဆောက်လုပ်ဆဲ MCL ဘိလပ်မြေစက်ရုံ(MNA)
မင်းသုတ — မွန်ပြည်နယ် ကျိုက်မရောမြို့နယ် “ပျားတောင်” ဒေသကို ဝင်ရောက်လာတဲ့ ဘိလပ်မြေကုမ္မဏီတွေဟာ မဝင်ခင် အပြောတစ်မျိုး ဝင်ရောက်ပြီးအလုပ်တစ်မျိုးဖြစ်လာတော့ အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့ ကော့ဒွန်း၊ ကော့ပနော ပေါက်တော၊ကွမ်ငန်းကျေးရွာသားတွေနဲ့ သံဃာတော်တွေစုရုံးပြီး ဖြစ်ပေါ်လာမယ့် လူမှုရေးပြသနာတွေကို ဖြေရှင်းဖို့တွက်ရည်ရွယ်ကာ လူမှုဖွံ့ဖြိုးရေးအသင်းကိုု ပြီးခဲ့တဲ့ဇန်နဝါရီလ (၂၂) ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပါပြီ။

ဒေသခံ ဘုန်းတော်ကြီးကျောင်းတွေက ဆရာတော်အပါး (၂၀) ခန့်၊ တက်ကြွလှုပ်ရှားတဲ့ ရွာသူရွာသားများ (၁၀၀) ကျော်တို့ ကော့ဒွန်ကျေးရွာမှာ အစည်းအဝေးတစ်ရပ်ပြုလုပ် ဖွဲ့စည်းခဲ့တာပါ။ အထူးသဖြင့် လာမယ့် ၂၀၁၆ နှစ်လည်မှာ စတင်လည်ပတ်တော့မယ့် “မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL” အတွက် လိုအပ်တဲ့လျှပ်စစ်စွမ်းအင်တွေကို ကျောက်မီးသွေးနဲ့ ထုတ်လုပ်မယ်လို့ မထင်မှတ်ထားတဲ့သတင်း ထွက်ပေါ်လာတဲ့အပေါ် ဒေသခံတွေ စိုးရိမ်မှုအထွတ်အထိပ်ကို ဖြစ်စေတာပါ။

ကော့ဒွန်းရွာသား မင်းသိန်ဦးက “MCL စက်ရုံက သူတို့အကျိုးစီးပွားအတွက် ကျနော်တို့ဒေသ သဘာဝပတ်ဝန်းကျင်ကို လာပြီးဖျက်ဆီးနေတာပါ၊ ကျနော်တို့ဒေသဟာ ကမ္ဘာတည်သရွေ့ သဘာပတ်ဝန်းကျင်ဒဏ်ခတ်တာကို အလူးအလဲခံစားကြရမှာ၊ အထူးသဖြင့် ဘိလပ်မြေစက်ရုံလည်ပတ်ရေးအတွက် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံလုပ်မယ်ဆိုရင် အတ္တရံမြစ်ရေကို အသုံးပြုရမှာပဲ၊ ကျောက်မီးသွေးစိမ်ရေတွေကိုလည်း မြစ်ရေအတွင်းကို လွှတ်ချဖို့ပဲရှိတယ်၊၊ မီးခိုးငွေ့၊ ပြာမှုန့်၊ စွန့်ပစ်တဲ့ရေတွေဆိုရင်လည်း အတ္ထရံမြစ်ကြောတလျှောက် အဆိပ်ရေတွေအဖြစ် စီးဆင်းသွားပါလိမ့်မယ်” လို့ ဆိုပါတယ်။

Factory 1
MCL ဘိလပ်မြေစက်ရုံ(MNA)

MCL ဘိလပ်မြေစက်ရုံလည်ပတ်နိုင်ဖို့ မွန်ပြည်နယ်က ထုတ်လုပ်နေတဲ့ လှုျပ်စစ်ဓာတ်အားနဲ့တော့ မလုံလောက်နိုင်ပါ၊ ၄၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ကျောက်မီးသွေးသုံး လှုျပ်စစ်ဓာတ်အားထုတ်စက်ရုံကို ဂျပန်နိုင်ငံအခြေစိုက် Anhui Conch Kawasaki Engineering Co. Ltd., ကနေ တည်ဆောက်မယ့် အစီအစဉ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ သို့သော် စက်ရုံတာဝန်ရှိသူတွေထံက အတည်ပြုချက်တော့ မရရှိခဲ့သေးပါ။

“ကျနော်တို့ ဒေသခံတွေအပေါ် အမျိုးမျိုးလိမ်နေတာပါ၊ လမ်းတွေ လုပ်ပေးမယ်၊ မီးပေးမယ် အကြောင်းအမျိုးမျိုးပြပြီး လိမ်တာ၊ ရှင်းရှင်းပြောရရင် နှစ်ပေါင်း ၂၀၀၀ ကျော်ရှိတဲ့ သာဘာဝဖြစ်ပေါ်လာတဲ့ ထုံးကျောက်တောင်ကို သဘာဝအတိုင်းထားရှိသင့်တယ်၊ ဒီလိုထုံးကျောက်တောင်အမျိုးအစား မြန်မာနိင်ငံမှာ ရှားပါးတယ်၊ MCL ရဲ့ပင်မပင်ရင်း SCG ဘိလပ်မြေကုမ္ပဏီဆိုတာ ထိုင်းနိင်ငံကပါ၊ ဒီလိုသဘာဝထုံးကျောက်တောင်မျိုး သူတို့နိင်ငံမှာရှိပါတယ်၊ ဒါပေမယ့် ထိုင်းအစိုးရက လုပ်ခွင့်မပေးပါဘူး၊ နိင်ငံခြားသား ခရီးသွားလုပ်ငန်းတွေနဲ့ ဆွဲဆောင်ထားပါတယ်” လို့လည်း မင်းသိန်းဦးက ဆက်ပြောပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့  ထုတ် ‘Daily Eleven’ နေ့စဉ်သတင်းစာဖော်ပြချက်အရ ‘မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကွမ်ငန်းကျေးရွာအနီးရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) (SCG) ဝင်းတွင် ကျောက်မီးသွေးစိမ်ကန်ကြီး တည်ဆောက်နေသဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို ဘိလပ်မြေစက်ရုံအား စောင့်ကြည့်ရေးအတွက် အသိပညာပေးသင်တန်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း’ ဖော်ပြခဲဲ့ပါတယ်။

ကွမ်းငန်းရွာ ဆရာတော် အရှင်ကေသရက “ကုမ္မဏီတွေဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေပြီ၊ ဘိလပ်မြေစက်ရုံကို တည်ဆောက်နေတဲ့ MCL ကုမ္မဏီဆိုတာကလည်း ကျောက်မီးသွေးစွမ်းအင်နဲ့ လျှပ်စစ်မီး ထုတ်လုပ်မယ်လို့ ဒေသခံတွေကို မပြောပြခဲ့ဘူး၊ မိုင်းတွေ မဖောက်ခင်က အသံမထွက်စေရဘူးလို့ ကတိပေးခဲ့တာရှိပေးမယ့် အခု မိုင်းတွေဖောက်ခွဲနေတာ မြေကြီးတွေပါ တုန်ခါနေတယ်” လို့ မွန်သတင်းအေဂျင်စီကို မိန့်ဆိုခဲ့ပါတယ်။

စက်ရုံမတည်ဆောက်မီ ကုမ္ပဏီတာဝန်ရှိသူတွေ ရှင်းပြခဲ့စဉ်က “ထိုင်းနိုင်ငံမှာ လည်ပတ်ထုတ်လုပ်နေတဲ့ ဆင်တံဆိပ် ဘိလပ်မြေ (SCG) ဘိလပ်မြေစက်ရုံတွေဟာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် အဓိကထားလုပ်ဆောင်ထားပြီး မွန်ပြည်နယ်အတွင်း စက်ရုံတည်ဆောက်ရာတဲ့အခါမှာလည်း ယင်းကဲ့သို့ လုပ်ဆောင်သွားမယ်၊ စက်ရုံလည်ပတ်တဲ့အခါ အသံဆူညံမှုမရှိ၊ ထုံးကျောက်တောင်များ မိုင်းခွဲရာမှာလည်း အသံမထွက်၊ ဖုန်မှုန့်မထွက်စေဖို့ စတဲ့ခေတ်မီနည်းပညာများကို အသုံးပြုပြီး လိုအပ်ပါက သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမရှိအောင် သစ်တောဌာနတစ်ခုကို ဖွဲ့စည်းခြင်းတို့ကို  ပြုလုပ်သွားမယ်”လို့လည်း ဒေသခံတွေကို ကတိပေးခဲ့တာပါ။

ပြီးတော့လည်း စက်ရုံကို ကျေးရွာလူထု ပါ၀င်စွက်ဖက် ကြည့်ရှုလေ့လာနိုင်ဖို့နဲ့ အကြံပြုနိုင်ဖို့ စက်ရုံအတွင်း ရက်သတတ္တတစ်ပတ်လျှင်တစ်ရက် ၀င်ရောက်ကြည့်ရှုခွင့်ပြုမှာဖြစ်ပြီး ဒေသခံ ပြည်သူများကိုလည်း စက်ရုံအတွက်လိုအပ်တဲ့ ၀န်ထမ်းရဲ့ ၉၀ ရာခိုင်နှုန်းကို အလုပ်အကိုင် ဖန်တီးပေးသွားမှာဖြစ်သလို စက်ရုံအတွက် အလုပ်လုပ်ကိုင်သူများကို လိုအပ်လျှင် ပညာတော်သင်စေလွှတ် ပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ဒါပေမယ့် စက်ရုံထဲကို အပြင်လူတွေ ဝင်ခွင့်မပြုခဲ့ပါ၊ စက်ရုံအတွင်း လေ့လာခွင့်မရတော့လည်း တက်ကြွလှုပ်ရှားသူ ဒေသခံလူငယ်တွေနဲ့အတူ မွန်သတင်းအေဂျင်စီကလည်း စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ရွာခံတွေကတဆင့် စက်ရုံအကြောင်း မေးမြန်းစုံစမ်းချက်တွေ ပြုလုပ်ခဲ့ပါသေးတယ်။ စက်ရုံအတွင်း ရောက်ရှိနေထိုင်နေကြတဲ့ တရားမဝင်နိုင်ငံခြားသား(ထိုင်း၊ တရုပ်) တွေ၊ လုပ်အားခပြဿနာ၊ အလုပ်သမားတွေ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ကိစ္စ အစရှိတဲ့သတင်းတွေ ထွက်ပေါ်နေပေမယ့် ခိုင်မာတဲ့အတည်ပြုချက် မရသေးတဲ့အတွက် မတင်ပြလိုတော့ပါ။

ကော့ဒွန်းရွာခံ နိုင်ပလိုင်က “အရင်တုန်းက ကုမ္မဏီကိုယ်စားလှယ်တွေ ရွာကိုလာပြီး ဘိလပ်မြေထုတ်လုပ်ဖို့ပဲ ပြောတယ်။ ကျောက်မီးသွေးသုံးရမယ်လို့ မပြောဘူး။ အခု ကျောက်မီးသွေးစွမ်းအင်နဲ့ လျှပ်စစ်မီး ထုတ်မယ်လို့သိထားတယ်” လို့ လွန်ခဲဲ့တဲ့ သီတင်းပတ်ကပဲ မွန်သတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။

ဇန်နဝါရီလ (၁၀) ရက်နေ့  ‘Daily Eleven’ နေ့စဉ်သတင်းစာပါ ဖော်ပြချက်အရ “၄င်းဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဆောင်ရွက်နေသည်ကို မွန်ပြည်နယ်အစိုးရ စွမ်းအင်ဝန်ကြီးဌာနမှ မသိရှိကြောင်း။ မော်လမြိုင်ဘိလပ်မြေစက်ရုံစီမံကိန်းသည် ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်အကောင်အထည်ဖော်နေခြင်းကြောင့် စက်ရုံလည်ပတ်ရေးအတွက် မည်သည့်စွမ်းအင် အသုံးပြုသည်ကို မိမိမသိကြောင်း မွန်ပြည်နယ်အစိုးရဝန်ကြီးက ပြောကြားခဲ့သည်” လို့လည်း ဆက်လက်ရေးသားထားပါတယ်။

ဒီလောက်ကြီးကျယ်တဲ့ ဘိလပ်မြေစီမံကိန်းကို မွန်ပြည်နယ်မှာ တည်ဆောက်ဖို့ သဘောတူလက်ခံထားပြီး လိုအပ်တဲ့စွမ်းအင် ဘယ်နေရာက ထုတ်ယူမှာကို အထက်ပါ “မွန်ပြည်နယ်အစိုးရ စွမ်းအင်ဝန်ကြီးဌာန မသိရှိကြောင်း” ဆိုလာတော့ ဒေသခံတွေအနေနဲ့ ဒီစက်ရုံအတွက် လိုအပ်မယ့် စွမ်းအင်တွေကို ဘယ်ကနေ ထုတ်လုပ်မှာလည်းဆိုတာ ခုချိန်မှာ တိတိကျကျသိရှိနိုင်ဖို့က ပိုပြီးအလှမ်းဝေးပါလိမ့်မယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်ထိ လုပ်ငန်းဆောင်ရွက်ချက်အပေါ် တင်ပြချက်အစီရင်ခံစာတစ်ရပ်တွင် ‘ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသော (၁) ရက်လှုျင် တန် (၅၀၀၀) ကျ မော်လမြိုင်ဘိလပ်မြေစက်ရုံအား အမေရိကန်ဒေါ်လာ (၂၇၂.၅၆) သန်း ရင်းနှီးမြှုပ်နှံပြီး (၂၀၁၄) ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်ခဲ့ရာ အစီရင်ခံသည့်ကာလ (အောက်တိုဘာ) အထိ (၅၀) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ဘိလပ်မြေကို (၂၀၁၆) နှစ်လယ်ပိုင်းတွင် စတင်ထုတ်လုပ်ရန် မော်လမြိုင်ဘိလပ်မြေကုမ္မဏီက ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ အတိအကျပြောမယ်ဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)ရဲ့ ခွင့်ပြုချက်ရရှိပြီး သတ္တုတွင်းဝန်ကြီးဌာနက ထုံးကျောက်ထုတ်လုပ်ခွင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တို့ရရှိခဲ့တာ ဖြစ်ပါတယ်။

ခြံုငုံသုံးသပ်ကြည်မယ့်ဆိုရင် အစိုးရတစ်ရပ်(ဝါ) သက်ဆိုင်တဲ့ဝန်ကြီးဌာနအနေနဲ့ မိမိတို့ သဘောတူဆုံးဖြတ်ထားတဲ့ စီမံကိန်းအပေါ်  ဒီစွမ်းအင်လိုအပ်ချက်တွေကို ဘယ်လိုစီစဉ်ထားခဲ့သလဲဆိုတာ သဘောတူညီချက်တွေ ရှိထားပြီးသားဖြစ်မှာပါ၊ အဲဒီသဘောတူညီချက်တွေကို မွန်ပြည်နယ်အစိုးရအနေနဲ့ ဒေသခံပြည်သူတွေကုုိ လတ်တလော မချပြရဲတာဖြစ်နိုင်သလို လုံလောက်တဲ့ လျှပ်စစ်ဓါတ်ရရှိဖို့အတွက် ကုမ္ပဏီဘက်ကလည်း သူတို့အကောင်အထည်ဖော်ရမယ့်ကိစ္စရပ်ကို တိတ်တဆိတ် ဆောင်ရွက်နေမှာတော့ မလွဲပါ။

ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ ခုလိုကာလမျိုးမှာ သဘာဝဝန်းကျင်ထိခိုက်ပျက်စီးစေတဲ့ စီမံကိန်းတွေကို ဒေသခံတွေအနေနဲ့ အသင်းအဖွဲ့ ဖွဲ့စည်းတာဖြစ်ဖြစ် လူမှုအခြေပြုအဖွဲ့အစည်းတွေရော သတင်းမီဒီယာတွေပါမကျန် စောင့်ကြည့်ဖို့ လိုအပ်နေပြီ။ မကြာခင်တက်လာမယ့် အစိုးရသစ်ကို တင်ပြတောင်းဆိုသွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အပြောတစ်မျိုး ဝင်ရောက်ပြီးအလုပ်တစ်မျိုးဖြစ်လာတဲ့ “ပျားတောင်” ဒေသအခြေစိုက် MCL ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်ဆက်စပ်လာတဲ့ လတ်တလော ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်မယ့် ကိစ္စရပ်တွေကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာဖို့ လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းပါရစေ။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...