အာဏာပိုင်တွေကလည်း တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကိုတော့ အခါအားလျော်စွာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားဝင်ဖြစ်အောင် လိုင်စင်တွေလုပ်ပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်း မော်တော်ယာဉ်တွေကိုလည်း အခါအားလျော်စွာ ပါမစ်၊ လိုင်စင်တွေ ချပေးတာ ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် အရပ်သား ကားတွေကို တရားဝင်လိုင်စင် ချပေးခဲ့တာ မကြားမိသေးပါ။
သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အခါအားလျော်စွာ စီမံချက်ကာလအဖြစ် သတ်မှတ်ပြီး လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးခဲ့ပါတယ်၊ သို့သော် စီမံချက်ကာလမှာသာ မဖြစ်မနေဖမ်းဆီးပြီး စီမံချက်မဟုတ်တဲ့ ကာလတွေမှာ မဖမ်းဆီးတဲ့သဘော ဖြစ်နေပါတယ်။ စီမံချက်မဟုတ်တဲ့ကာလ အဖမ်းအဆီးမရှိချိန်တွေ ကြာလာတာနဲ့အမျှ လိုင်စင်မဲ့ကား အရေအတွက် တဖြည်းဖြည်း တိုးများလာပါတယ်။ ဒီလိုနဲ့ လိုင်စင်မဲ့ကားတွေ များလာတဲ့အခါ စီမံချက်ဆိုပြီး ဖမ်းဆီးတဲ့အခါ လိုင်စင်မဲ့ကားတွေ ပုန်းရှောင်ကြပြန်တယ်၊ ဒါမှမဟုတ် နီးစပ်ရာငြိမ်းချမ်းချမ်းရေးအဖွဲ့အစည်းထံ မော်တော်ကား ယာယီခိုလုံခွင့် တောင်းခံပြီး ခေတ္တအပ်နှံကြတာကိုလည်း ကြားသိရပါတယ်။
မုဒုံ-ဘုရားသုံးဆူ လိုင်းကား ဒရိုင်ဘာ ကိုသားငယ်က “ကျနော်တို့ကားတွေက အပစ်ရပ် အဖွဲ့တစ်ခုဆီမှာ လိုင်းဝင်ထားတယ်၊ ကားက without ဆိုပေမယ့် အဖွဲ့အစည်းလိုင်းကားဆိုတော့ အဖမ်းအဆီး ကြောက်စရာမလိုပါ” လို့ ပြောပါတယ်။
လိုင်စင်မဲ့မော်တော်ကားတွေဟာ နယ်စပ်ကနေ လာပါတယ်၊ လမ်းမှာတွေ့သမျှ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လုံခြုံရေးဂိတ်တွေကို သတ်မှတ်ဂိိတ်ကြေးပေးဆောင်ပြီးမှသာ လိုင်စင်မဲ့ကားတွေ မြို့ပေါ်ရောက်လာတာပါ။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ထောက်ခံချက်နဲ့ သွားလာနေတဲ့ လိုင်စင်မဲ့ကားတွေဆိုလည်း အရေအတွက်မခန့်မှန်း နိုင်ပါ။
ကားပွဲစား ကိုစိန်ဝင်းက “အော်ဒါပေးတဲ့အတိုင််း ကားတွေကို ကျနော်က တဖက်နိုင်ငံကနေ မှာယူတယ်၊ မြဝတီကနေ မော်လမြိုင်အထိ ကားတစ်စီးကယ်ရီခ ၂ သိန်းပေးရတယ်၊ Wheel Tax ရော နံပါတ်ပြားအစစ်နဲ့ ကားတွေကို ဗမာပြည်အထက်ပိုင်း ပို့တယ်၊ Wheel Tax ကတော့ တစ်ပတ်လောက်ပဲ သုံးလို့ရတယ်၊ ဘယ်နေရာကနေ Weel Tax အစစ်လုပ်ခဲ့တာကိုတော့ မပြောပါရစေနဲ့ ဆရာရယ်” လို့ ဆိုပါတယ်။
အဆိုပါ Wheel Tax အစစ်၊ နံပါတ်ပြားအစစ် ထုပ်လုပ်နိုင်တဲ့ နေရာကတော့ ဘယ်ဌာန ဘယ်နေရာ ဘယ်သူ ဘယ်ဝါ ကိုတော့ ကားပွဲးစား ကိုစိန်ဝင်း မပြောပြပေမယ့် စာရေးသူ စျေးဆစ်လွန်းတဲ့အတွက် Wheel Tax တစ်ခု ခေတ္တငှားရမ်းဖို့အတွက် ငွေကျပ် ၅ သိန်း ပေးရတယ်လို့ ဆိုပါတယ်။
လိုင်စင်မဲ့ကား ပိုင််ရှင်နဲ့အတူ ဖမ်းမိလျှင်တော့ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ်၂ နှစ်၊ ဒဏ်ငွေကျပ်နှစ်သိန်းချမှတ်နိုင်တဲ့အပြင် လိုင်စင်မဲ့ကားများကို နိုင်ငံပိုင်သိမ်းဆည်းမယ်လို့ ဥပဒေထုတ်ပြန်ထားတာ ရှိပါတယ်။
၂၀၁၅ ခုနှစ်အတွင်း ပြည်နယ်နဲ့တိုင်း ငါးခုကနေ လိုင်စင်မဲ့(Without) ကား အစီးရေ ၂၄၀ စီးဖမ်းဆီးရရှိတဲ့အထဲ မွန်ပြည်နယ်မှာ အများဆုံးဖမ်းဆီးရမိကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရဲ့ အုပ်ချုပ်မှုအောက်မှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်၊ မွန်ပြည်နယ်စတဲ့ဒေသများကနေ ဖမ်းဆီးရမိခဲ့တာလို့ အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးအောင်ကိုဦးက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
ဒုရဲမှူးကြီးက ‘‘လိုင်စင်မဲ့ကားတွေများရင် တိုက်ပြေးတဲ့အခါ စုံစမ်းဖမ်းဆီးရတာလည်း ခက်ခဲတယ်။ လိုင်စင်မဲ့ ကားတွေနဲ့ နံပါတ်ပြောင်းပြီး ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တယ်။ မွန်ပြည်နယ်က အများဆုံးဖမ်းမိရခြင်းအကြောင်းက ရန်ကုန်တိုင်းအတွင်း စတင်ဝင်ရောက်လာမယ့် လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးတဲ့ အဝမှာရှိလို့ပါ၊ မြဝတီဘက်က ၀င်လာတဲ့ကားတွေအားလုံး စီမံချက်နဲ့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်’’လို့လည်း ဆိုပါတယ်။
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးမယ်ဆိုတဲ့သတင်း ခုတလောထွက်ပေါ်နေသလို မွန်ပြည်နယ်နဲ့ တဆက်စပ်တည်းဖြစ်တဲ့ ကရင်ပြည်နယ် ဘက်မှာလည်း အလားတူ ဖမ်းဆီးတော့မယ်ဆိုတဲ့သတင်း တပြိုက်နက် ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင် လိုင်စင်မဲ့ကားတွေကလွဲရင် Without ကားတွေ မြို့ပေါ်သွားလာနေတာ မတွေ့မိတော့ပါ၊
ကရင်ပြည်နယ်သာသနာရေးမှူးရုံးရဲ့ ဇန်နဝါရီ (၁၃) ရက်နေ့စွဲနဲ့ ပြည်နယ်/မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်များထံ ဆက်ကပ်တဲ့ စာတစ်စောင်အရ(မိတ္တူပါ) “တရားမဝင် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့်(လိုင်စင်မဲ့) ယာဉ်မောင်းနှင်ခြင်းတို့ကို စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှစ၍ (၃၁))ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှစတင်ကာ ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အပတ်စဉ် ပုံမှန်အစည်အဝေးတွင် ထည့်သွင်းပြောကြားသွားပါသည်” လို့ ဖော်ပြခဲ့တဲ့ မိတ္တူတစ်စောင် လက်ခံရရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီတစ်လလုံးမှာ လိုင်စင်မဲ့ကားတွေကို ပညာပေးကာလအဖြစ် သတ်မှတ််ထားတဲ့အတွက် ဖမ်းဆီးမိသော်လည်း မော်တော်ကားကို သိမ်းယူမှမဟုတ်သေးဘူးလို့လည်း အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း လောလောဆယ် လိုင်စင်မဲ့ without ကားတွေ ဖမ်းဆီးမယ့်သတင်း မကြားသိပေမယ့် လာမယ့်အစိုးရသစ်ကျရင် ဘယ်လိုဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်းမနိုင်ဘူးလို့ ဆိုပါတယ်။
မော်လမြိုင်မြို့နေ ကားပွဲစား ကိုအောင်က “ပညာပေးကာလမှာ ဖမ်းဆီးတာက လူရောမော်တော်ကားရော ပြန်လွတ်ပါတယ်၊ ဒါပေမယ့် အာရကေ(ငွေ) ပေးရတယ်၊ မော်တော်ကားအခြေအနေပေါ် တည်ပါတယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မော်တော်ယာဉ်တွေကို ပြည်နယ်အစိုးရက (၃) ကြိမ် လေလံတင် ရောင်းချခဲ့တာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်မှာ မော်တော်ယာဉ် ၂၉၁ စီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ မော်တော်ယာဉ် ၁၅၀ စီးနဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ မော်တော်ယာဉ် ၈၈ စီးတို့ကို မွန်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ မော်လမြိုင်မြို့မှာ လေလံတင် ရောင်းချခဲ့တဲ့အတွက် ဘဏ္ဍာငွေ ကျပ်သန်း ထောင်နဲ့ချီပြီးရရှိမယ်လို့ ခန့်မှန်းရပါတယ်။
တရားမဝင် Without ကားတွေ စောင့်ဖမ်းပြီး နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက်ရတာကလည်း နည်းလမ်းမှန်တော့မဟုတ်ပေလောက်ဘူး၊ လိုင်စင်မဲ့ကာအရေအတွက် နည်းပါးတဲ့အချိန်မှာ အဖမ်းဆီးတွေမလုပ်ဘဲ ကားစီးရေများလာတဲ့အခါ ဖမ်းချင်တဲ့အခါကျမှ စီမံချက်ဆိုပြီး လိုင်စင်မဲ့ကားတွေကို ဖမ်းတာကလည်း တရားဥပဒေစိုးမိုးရေး မဖြစ်နိုင်ပါဘူး၊ မွန်ပြည်နယ်အတွင်း တရားမဝင် Without လိုင်စင်မဲ့ကားအရေအတွက် ဘယ်လောက်ရှိနေလဲဆိုတာ အတိအကျမသိနိုင်ပေမယ့် အများကြီးရှိနေတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါ။ ဒီလိုလိုင်စင်မဲ့ကားတွေ ခုလိုများပြားနေရတာဟာ တစ်နေရာရာမှာ တစ်ခုခုတော့ လွဲနေပြီလို့ သုံးသပ်မိပါတယ်။
လိုင်စင်မဲ့ မော်တော်ယာဉ်ကို အရေးမယူသယောင် အာဏာပိုင်တွေ မျက်စိမှတ်ထားချိန်မှာ နယ်စပ်က တရားမဝင် ကားအစီးအရေတွေ တိုးဝင်လာမှာက ဓမ္မတာပါ။ အချိန်ကျပြီဆိုတာနဲ့ စီမံချက်ဆိုလား ဖမ်းဟယ်ဆီးဟယ်လုပ်တဲ့ကိစ္စဟာလည်း တံခါးကိုမသိမသာ “ဟ”အိပ်ချင်ယောင်ဆောင်ပြီး သူခိုးကိုထောင်ဖမ်းတဲ့နည်းပဲလို့ တွေးမြင်မိပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ Good Governance ဖြစ်လာမလား၊
ဆိုလိုတာက လိုင်စင်မဲ့ကားတွေ ဖမ်းဆီးဖို့အချိန်ကာလတွေ စောင့်ဆိုင်းဖို့ လိုအပ်ပါသလား၊ ဥပဒေမှာ အချိန်စောင့်ဆိုင်းပါလို့ ပြဌာန်းချက်တွေ ပါသလား၊ တိုက်တွန်းလိုတာက သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ လိုင်စင်မဲ့ကားတွေကို လုံးဝမျက်ကွယ်မပြုထားဘဲ အချိန်တိုင်း နေရာတိုင်း ဆက်တိုက်ဆက်တိုက်သာ ဖမ်းဆီးအရေးယူခဲ့မယ်ဆိုရင် ဒီလိုလိုင်စင်မဲ့ကားတွေ ခုလိုအရေအတွက်များများ ပေါ်ပေါက်စရာတော့ အကြောင်းမရှိပါဘူးလို့ ဆိုလိုက်ပါရစေ။
မှတ်ချက်။ ။ ဤဆောင်းပါးပါ ကားပွဲးစား၊ ဒရိုင်ဘာတို့မှာ အမည်ရင်မဟုတ်ပါကြောင်း၊ အမည်လွှဲထားခြင်းဖြစ်ပါကြောင်း(စာရေးသူ)







