မိတ်ဖက် တိုင်းရင်းသားပါတီများမပါဘဲနဲ့ NLD အစိုးရဖွဲ့တော့မှာလား

မိတ်ဖက် တိုင်းရင်းသားပါတီများမပါဘဲနဲ့ NLD အစိုးရဖွဲ့တော့မှာလား
by -
စိုင်းထွန်းအောင်လွင်
ရွေးကောက်ပွဲ အောင်နိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအနေဖြင့် အစိုးရ တာဝန်ယူရမည့်အချိန် နီးကပ်လာပြီ ဖြစ်သော်လည်း တိုင်းရင်းသားဒေသများတွင် အနိုင်ရရှိထားသော မိတ်ဖက်တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံရန် တစ်စုံတစ်ရာကမ်းလှမ်းမှု မရှိသေးကြောင်း တိုင်းရင်းသား ပါတီအချို့က ပြောသည် ။

“NLD က အလုပ် တော်တော် ရှုပ်နေပုံရပါတယ် ။ အခုထက်ထိကို ကျနော်တို့နဲ့ မဆက်သွယ်သေးပါဘူး။ ကမ်းလှမ်းမှုတွေ ဘာတွေ မရှိသေးဘူး ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော NLD ပါတီ တစ်ခုလုံး အနေနဲ့ပေါ့။ အခြား တွေ့သင့်တွေ့ထိုက်တဲ့ အဖွဲ့အစည်း အသင်းအပင်းနဲ့လည်း တွေ့ပြီးပြီ ။ ကျနော်တို့ တိုင်းရင်းသားတွေကို ကျတော့ အခုလိုမျိုး အချိန်သိပ်မကျန်တော့တဲ့အချိန်မှာ မတွေ့နိုင်သေးတဲ့အတွက် စိတ်တော့မကောင်းဘူးပေါ့” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင် ၊ ဇိုမီး စသည့် ပါတီများမှာ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း NLD နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့သော မိတ်ဖက် တိုင်းရင်းသား ပါတီများဖြစ်ကြပြီး ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် ၊ ဦးကျင်ရှင့်ထန် စသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ စစ်အစိုးရ အံတုစေသည့် လှုပ်ရှားမှုဖြစ်သော လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းရာတွင်လည်း NLD နှင့် အတူ ပူးပေါင်း ပါဝင်ခဲ့သူများဖြစ်သည် ။

ယင်းအပြင် NLDမှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် NLD ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများကိုပါ ထည့်သွင်းဖွဲ့စည်းသွားမည်ဟု ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြော ဆိုဖူးသည် ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုပြီးနောက်ပိုင်းတွင် NLDဗဟိုအလုပ်အမှုဆောင် နန်းခင်ထွေးမြင့်က NLD ဦးဆောင်မည့်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့် သူများမှာ NLD ပါတီဝင် တိုင်းရင်းသားများပင် ဖြစ်ရမည်ဟု Eleven Daily သတင်းစာသို့ ပြောဆိုထားပါသည်။

လတ်တလောကာလအတွင်းတွင် NLD ပါတီမှ ပါတီတာဝန်ရှိသူတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ အတွက် နာမည်ကြီးနေသူ ဦးညီပုကလည်း ပြည်နယ်အစိုးရနှင့် လွှတ်ေတော်တို့ကို ဦးဆောင်ဖို့အတွက် မည်သို့ ပူးပေါင်းဆောင်ရွက်ကြမည်ကို ရခိုင်အင်အားစုများနှင့် ဆွေးနွေးခဲ့ကြောင်း ဗွီအိုအေ အမေရိကန်အသံ သတင်းဌာနက ဖော်ပြသည်။

NLD ပါတီအနေဖြင့် နေရာအများစု အနိုင်ရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းတွင်မူ ရခိုင်အမျိုးသားပါတီ ANP မှ နေရာအများစု အနိုင်ရရှိခဲ့ခြင်းဖြစ်သည် ။

“ANP အနေနဲ့ NLD ကမ်းလှမ်းလာရင် တွေ့ဖို့ ပြင်ဆင်ထားတယ် ။ ဒါပေမဲ့ အခုထိ မတွေ့ဖြစ်သေးဘူး။ NLD က အခုချိန်ထိ မတွေ့ဘူးဆိုတာ ဘာကြောင့်မတွေ့ဘူးဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။ ကျနော်တို့က မူလဆုံးဖြတ်ထားတာကတော့ NLD က ကမ်းလှမ်းလာရင် တွေ့မယ်။ ဒီလောက်ပဲ ဆုံးဖြတ်ထားသေးတယ် ” ဟု ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တလျှောက် NLD ၏ မဟာမိတ်ဖြစ်ခဲ့သူ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည် ။

၂၀ဝ၈ အခြေခံ ဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ခွင့်မှာ ပြည်နယ်သူ ပြည်နယ်သားများထံတွင် မရှိပဲ သမ္မတမှသာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တိုက်ရိုက်ရွေးချယ် ခန့်အပ်ခွင့်ရှိနေခြင်း ဖြစ်သည်။

" ရွေးကောက်ပွဲအနိုင်ရပါတီဟာ ယခုအချိန်ထိ အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ ဘာကြောင့်မတွေ့နိုင် သေးတာလဲ ။ နောက်ကြားရတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတချို့အရလည်း တိုင်းရင်းသားပါတီတွေရဲ့ စိုးရိမ်မကင်းဖြစ်မှုကို နားလည်မိတယ်။ အဓိကအနိုင်ရတိုင်းရင်းသားပါတီ ၂ ပါတီဖြစ်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီတို့က သူတို့ အများစု အနိုင်ရထားတဲ့ သက်ဆိုင် ရာပြည်နယ်လွှတ်တော်တွေမှာ ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရကို သူတို့ကိုယ်တိုင်ဖွဲ့ချင်ကြတယ်။ ဒီမိုကရေစီ ကျင့်စဉ်အရပဲဖြစ်ဖြစ် ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအရပဲဖြစ်ဖြစ် ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူအရပဲဖြစ်ဖြစ် လျော်ကန်သင့်မြတ်တဲ့ သူတို့တွေရဲ့ ဆန္ဒကို ရွေးကောက်ပွဲ အနိုင်ရပါတီ အနေနဲ့ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသင့်တယ်လို့ ယူဆတယ် ။ ဒီလိုမှမဟုတ်ဘဲ ၂၀ဝ၈ ခြေ / ဥ ကို ကိုယ်လို ချင်တဲ့အပိုင်းကိုကျမှ လိုသလိုဖြတ်ယူပြီး သမ္မတအလိုကျ ကိုယ့်ပါတီကလူကိုပဲ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်မယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်တွေမှာ အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပြည်နယ်လွှတ်တော် စခေါ်ကထဲက ပွတ်တိုက်မှုတွေ စဖြစ်လာမှာပဲ ။ ဒါကြောင့်မို့ သျှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရဲ့အနေအထားကို ရွေးကောက်ပွဲအနိုင်ရပါတီအနေနဲ့ ၂၀ဝ၈ ခြေ / ဥ ကပေးထားချက်အပေါ်ကနေ အသေထိုင်ပြီး မစဉ်းစားသင့်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးမူ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမူ ၊ ဒီမိုကရေစီရဲ့ အခြေခံ မူဘောင်တွေထဲကနေ စဉ်းစားသင့်တယ်” ဟု နိုင်ငံရေး လေ့လာသူတဦးဖြစ်သည့် ကိုခိုင်မင်းက သုံးသပ် ပြောဆိုသည် ။

NLD မှာ မိတ်ဟောင်းများနှင့် တွေ့ဆုံခြင်း မရှိသေးသကဲ့သို့ တိုင်းရင်းသားပါတီများမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တင်သွင်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သော ပင်လုံမူနှင့် သျှမ်းမူကို အခြေခံသည့် ဖက်ဒရယ်စာတမ်းကိုမူ ကြံ့ခိုင်ရေးပါတီနှင့် အတူ ပယ်ချခဲ့ကြောင်း သိရှိရပါသည်။

April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...
April 2, 2026
DonBosco — လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက်...
April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...