ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်နိင်ငံရေးပါတီများ ဖက်ဒရယ်တည်ဆောက်ရေးဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်နိင်ငံရေးပါတီများ ဖက်ဒရယ်တည်ဆောက်ရေးဆွေးနွေး
ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံတက်ရောက်သော မွန်နိင်ငံရေးပါတီခေါင်းဆောင်များ(Kyaw Zayra Oo)
ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံတက်ရောက်သော မွန်နိင်ငံရေးပါတီခေါင်းဆောင်များ(Kyaw Zayra Oo)
ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်နိုင်ငံရေးပါတီများ၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးအကြောင်းအရာများ ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။

ထိုညီလာခံတွင် ပြည်ထောင်စုအဆင့် အာဏာနှင့် ပြည်နယ်အဆင့် အာဏာများကို ခွဲဝေထားရမည်ဖြစ်ပြီး ၄င်းခွဲဝေထားသည့်အတိုင်း ဖက်ဒရယ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းရေးဆွဲထားရမည်ဟု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအကြောင်း ဆွေးနွေးတင်ပြခဲ့သည့် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေး မှူး နိုင်လယီတမက ပြောပြသည်။

“ပြည်နယ်အဆင့်မှာဆိုရင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရမယ်။ ကိုယ့်ပြည်နယ်အတွက် အခြေခံဥပဒေ ရေးဆွဲ ခွင့်ရှိရမယ်။ တိုင်းရင်းသားကို အခြေခံပြီး ပြည်နယ်ဖွဲ့ရမယ်။ တိုင်းရင်းသားကို အခြေခံတဲ့ ပြည်နယ်ကလည်း နိုင်ငံရေးအာဏာ ၃ ရပ်နဲ့ ပြည့်စုံရမယ်” ဟု ၄င်းက ဆက်ပြောသည်။

ထို့အတူ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ပစစ် ကာကွယ်ရေးနှင့် ပြည်တွင်း လုံခြုံရေး အပိုင်းနှစ်ပိုင်း ခွဲထားကာ ဆွေးနွေးတင်ပြခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေအထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး က ပြောသည်။

“၀န်ကြီးချုပ်လက်အောက်မှာ ဘာတွေပါလဲဆိုရင် ရဲပါမယ်၊ လုံခြုံရေးတပ်ဖွဲ့ (ပြည်သူ့စစ်လိုမျိုး)၊ တစ်ချို့လိုအပ်တဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ်ပေါ့၊ ဒါတွေအတွက် ပြည်နယ်မှာ ၀န်ကြီးချုပ်ကို အာဏာအပြည့်ပေးဖို့ ဆွေးနွေးခဲ့တယ်။ ကာကွယ်ရေးအပိုင်းကတော့ ပြည်ထောင်စုအဆင့်က ကိုင်တွယ်ရမှာပေါ့။ ပြည်ထောင်စုတပ်မတော်မှာဆိုရင် ကြည်း၊ လေ၊ ရေ ပါရမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပါရမယ်၊ ပြီးတော့ ပြည်နယ်တစ်ခုချင်းစီမှာ လူဦးရေအချိုးအစားအလိုက် စစ်သားတွေထားရှိရမယ်၊ ဒီသုံးခုပါရမယ်ပေါ့။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကတော့ တစ်ခုတည်းဖြစ်ရမယ် “ ဟု ဒေါက်တာမင်းနွယ်စိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် လုံခြုံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး မွန်အမျိုးသားပါတီမှ (၃) ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ (၃) ဦး၊ အမျိုးသမီးပါတီ (မွန်) မှ (၁) ဦး၊ မွန်တိုင်းရင်းသားကိုယ်စားပြု (၃) ဦး နှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ပါဝင်သင့် ပါဝင်ထိုက်သူ (၁) ဦးစီ တက်ရောက်ခဲ့သည်ဟု သိရသည်။

ကိုယ်စားလှယ်ပေါင်း ရ၀၀ ကျော် တက်ရောက်ခဲ့သည့် အဆိုပါညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ ၉၀ ကျော်နှင့် လူမှုအဖွဲ့အစည်းများတို့ ကဏ္ဍအလိုက်ပြုစုထားသည့် ဆွေးနွေးချက်များကို စုစည်းမှတ်တမ်းတင်ထားကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...