မွန်ပြည်နယ်တွင် အမျိုးသမီးတစ်ဦး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပထမဆုံးရွေးချယ်ခံရ

မွန်ပြည်နယ်တွင် အမျိုးသမီးတစ်ဦး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပထမဆုံးရွေးချယ်ခံရ
 ကျေးရွာအုပ်ချုပ်ရေးမှူးသစ် မိဂျလွန်းထော(ခ)မိသန်းဌေး(MNA)
ကျေးရွာအုပ်ချုပ်ရေးမှူးသစ် မိဂျလွန်းထော(ခ)မိသန်းဌေး(MNA)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စုတွင် ဇန်နဝါရီ ၁၇ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကျင်းပခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူ ၄ ဦးအနက် မိဂျလွန်းထော(ခ) ဒေါ်သန်းဋ္ဌေး မဲအပြတ်အသတ်အနိုင်ရရှိသဖြင့် မွန်ပြည်နယ်တွင် အမျိုးသမီးတစ်ဦး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပထမဆုံး ရွေးချယ်ခံရကြောင်း သိရသည်။

အဆိုပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူများတွင် ဦးဟမု၊ ဦးစိန်ထွန်း၊ ဦးလှ ထွန်းတို့အား မိဂျလွန်းထောက မဲအရေအတွက် (၁၄၅) မဲဖြင့် အပြတ်အသတ်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

မိဂျလွန်းထောက “မွန်အမျိုးသမီးတွေ အုပ်ချုပ်ရေးမှူးလုပ်တာ တစ်ခါမှမရှိခဲ့ဘူး၊ အရင်က  အစွဲလမ်းတစ်ခုကြောင့် ယောကျ်ားဖြစ်မှ ဦးဆောင်နိုင်မယ်၊ ဥက္ကဋ္ဌလုပ်လို့ရမယ်ဆိုတဲ့ အယူအဆတွေကို ကျော်ဖြတ်ချင်လို့ စံပြတစ်ခုအနေနဲ့ ဒါကို လုပ်ပြချင်လို့ ၀င်ရောက် အရွေးခံတာဖြစ်ပြီးတော့၊  ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိတယ်”ဟု ပြောသည်။

ကျေးရွာတွင် လက်ရှိဖြစ်ပေါ်နေသာ လျှပ်စစ်မီးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စပြဿနာများနှင့်ပတ်သက်ပြီး ရွာခံ လူငယ်များ၊ ရွာသူရွာသားများနှင့် ပူးပေါင်းကာ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖြေရှင်းသွားရန် ရည်ရွယ် ထားကြောင်းလည်း ၄င်းကဆက်ပြောသည်။

လက်ရှိတရနာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်က “ကျနော်ဝင်မပြိုင်တာက ကျန်းမာရေးလည်း မကောင်းဘူး၊ ပြီးတော့ အခု မိဂျလွန်းထောကလည်း ကိုယ့်တပည့်ပဲဆိုတော့ နေရာ ပေးရစေချင်တယ်၊ ဒီဒေသကလည်း အမျိုးသမီးဦးရေက များနေတယ်၊ ဒေသဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့နေရာမှာ ပါဝင်လာဖို့လည်း တိုက်တွန်းခဲ့တယ်၊ အခုလိုပါဝင်လာနိုင်အောင်လည်း အကြံ ဉာဏ်တွေပေးခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ ရွေးချယ်ခံအုပ်ချုပ်ရေးမှူးသစ်အနေဖြင့် ကျေးရွာအတွက် လိုအပ်သည့် အကူညီတောင်းလာသည်ဖြစ်စေ အကြံ ဉာဏ်တောင်းလာသည်ဖြစ်စေ ပ့ံပိုးကူညီသွားရန် အဆင်သင့်ရှိသည်ဟု ဦးသန်းအောင်က ဆက်ပြောသည်။

တရနာကျေးရွာအုပ်စုတွင် ကော့စွယ်၊ ကော့နွတ်၊ ကျွန်းကုန်ကျေးရွာများဖြင့် ဖွဲ့စည်းထားပြီး ဆယ်အိမ် မှူးအရေအတွက် ၂၄၀ ဦးကျော်ရှိရာ အမျိုးသမီးဆယ်အိမ်မှုး ၁၀၀ ကျော် ပါဝင်သည်ဟု သိရသည်။

တရနာကျေးရွာသူ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ မိညွန့်ခင်က “အခုသူကအပျိုကြီးဆိုတော့ လွတ်လပ်တာပေါ့၊ ပြီးတော့ အရင်ကလည်း ကျေးရွာအတွက် သူလုပ်ဆောင်ပေးခဲ့တာ အများကြီးရှိပါတယ်၊ အခုသူအုပ်ချုပ်ရေးမှူးနေရာ ရသွားတာ ဝမ်းသာတယ်၊ ပြီးတော့ ကိုယ့်မိန်းကလေးတွေ ကျေးရွာတွေကိုပါ အုပ်ချုပ်ခွင့်ရတာကို ဂုဏ်ယူမိတယ်” ဟု ပြောသည်။

ရွေးချယ်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးသစ် မိဂျလွန်းထောသည် သထုံခရိုင်၊ မွန်အမျိုးသားပညာရေးဌာနတွင် ဒုတာဝန်ခံတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

မြို့ပေါ်ရပ်ကွက် ၈၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈၇ အုပ်စု၊ ကျေးရွာပေါင်း ၁၂၉၇ ရွာ ရှိသော မွန်ပြည်နယ်တဝှမ်းတွင် ယခုအခါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်လျက်ရှိသည်။

 

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...