၎င်းစာအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇန်နဝါရီလ(၁၃)ရက် နေ့စွဲဖြင့် ဘေးတွဲဆိုင်ကယ်များအား ဖျက်သိမ်းရန် ညွှန်ကြားလိုက်သဖြင့် ဘေးတွဲ ဆိုင်ကယ် မောင်းနေသူများအနေဖြင့် စားဝတ်နေရေး ခက်ခဲဖြစ်နေရသည်ဟု ဒေသခံ ဘေးတွဲ ဆိုင်ကယ်သမားများက ပြောသည်။
“ ကျောက်ဖြူမှာ ဘေးတွဲဆိုင်ကယ်တွေကို ဖျက်သိမ်းရမယ်လို့ ညွန်ကြားလာတော့ ကျနော်တို့ ဘေးတွဲ ဆိုင်ကယ် သမားတွေ စားဝတ်နေရေး တော်တော် ခက်ခဲသွားနိုင်ပါတယ်။ ဘေးတွဲ ဆိုင်ကယ် မောင်းနေတဲ့ သူတွေ တစ်ထောင်လောက် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး တော်တော် အခက်အခဲ ရှိနိုင်ပါတယ်။ ကျောင်းတက်နေတဲ့ သားသမီးတွေကို လည်း ကျောင်းဆက် မထားနိုင်မှာကို စိုးရိမ်ပါတယ်။ ကျနော်တို့ လက်မှတ်ကောက်ခံပြီးတော့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်ကိုလည်း သနားခံစာ တင်သွားမယ်” ဟု ဦးသန်းထွန်း ကပြောသည်။
ထိုသို့ ဘေးတွဲဆိုင်ကယ်များကို ဖျက်သိမ်းပေးရန် သက်ဆိုင်ရာမှ ညွန်ကြားလာသောကြောင့် ကျောက်ဖြူမြို့၊ ဘုရားကြီးတောင်ကွင်း တွင် ဇန်နဝါရီလ(၁၄)ရက်နေ့က ဘေးတွဲဆိုင်သမားများအစည်းအဝေးပြုလုပ်ပြီး ကော်မတီ(၁၅)ဦးဖွဲ့စည်းကာ လက်မှတ်ကောက်ခံ၍ မြို့နယ်၊အုပ်ချုပ်ရေးမှူးကို သနားခံတင်ပြခဲ့သည်ဟု ဘေးတွဲဆိုင်ကယ်မောင်းနေသူ ဦးသန်းထွန်း က နိရဥ္စရာသို့ ပြောသည်။
ဘေးတွဲဆိုင်ကယ်သမား ကော်မတီ(၁၅)ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံပြီး သနားခံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး က အပေါ်ကိုတင်ပြပေးပါမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကပြောဆိုသည်။
ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးဖြစ်တဲ့ ကိုလှမောင် ကလည်း “ တစ်ခြားအလုပ်လည်း လုပ်ဖို့အလုပ်မရှိတော့ ဘေးတွဲဆိုင်ကယ် ဘဲ မောင်းနေရတယ်။ အလုပ်မရှိလို့ ဘေးတွဲဆိုင်ကယ် မောင်းနေတာကို မမောင်းရဘူး ဆိုတော့ အလုပ်လက်မဲ့ဖြစ်ပြီး မိသားစု အခက်အခဲဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။
၂၀၁၄ခုနှစ်က ဘဏ္ဍာရေးနှစ်တွင် ဘေးတွဲဆိုင်ကယ်လိုင်စင်ခ ကျပ်(၁၅၀၀၀)နှင့် ဘီးခွန်ခ ကျပ်(၅၀၀၀)နှင့် စုစုပေါင်း ကျပ်ငွေ(၂၀၀၀၀) ပေးသွင်းရပြီး နိုင်ငံတော်အတွက် အခွန်ရသော ဘေးတွဲ ဆိုင်ကယ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခြင်း အပေါ် ဘေးတွဲဆိုင်ကယ် မောင်းသူများမှ နားမလည်နိုင်အောင် ဖြစ်နေကြသည်ဟု ကိုလှမောင်က ဆိုသည်။
ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ယခုကဲ့သို့ ရုပ်သိမ်းရန် အမိန့်ထုတ်ပြန်ထားသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း ဘေးတွဲဆိုင်ကယ် မောင်းသူများမှ အသနားခံ တင်ပြလာသဖြင့် အထက်ကို ပြန်လည် တင်ပြထားကြောင်း၊ အဓိက Safe မဖြစ်သဖြင့် ပြည်နယ်အစိုးရက ဖျက်သိမ်းခိုင်းသည်ဟု ယူဆရကြောင်း၊ ယခု လက်ရှိ အချိန်တွင် ဆိုင်ကယ်မောင်းသူများ စားဝတ်နေရေး ဒုက္ခတွေ့နိုင်သဖြင့် ယာယီ ခွင့်ပြုထားကြောင်း ပြောကြားသည်။
ဘေးတွဲဆိုင်ကယ် ဖျက်သိမ်းရေးကို ကျောက်ဖြူခရိုင်ဖြစ်သည့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စသည့်မြို့များသို့လည်း စာပေးပို့ထားကြောင်းသိရသည်။
ကျောက်ဖြူမြို့တွင် ဘေးတွဲဆိုင်ကယ်အစီး ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။







