ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) ကို ဖွဲ့စည်းသည့် အစည်းအဝေးသို့ အစိုးရတပ်မတော်ဘက်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတိီ(JMC-U)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည် နယ်ရဲမှူးချုပ်တို့ တက်ရောက်ခဲ့ကြသလို လက်နက်ကိုင်အဖွဲ့များဘက်မှ RCSS/SSA ၊PNLO၊ CNF၊ KNU စသည့် အဖွဲ့များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
“နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ ပြည်နယ်အဆင့် (JMC-S)ကနေ ကျွန်တော်တို့ ဖြစ်နိုင်တဲ့ အချက် ဖြစ်သင့်တဲ့ အချက်တွေကို ထည့်သွင်းထားတာဖြစ်လို့ ဒါကို လိုက်နာသွားမယ်ဆိုရင် အတော်အောင်မြင်မှုရမှာပါ”ဟု တပ်မတော်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် ရှမ်းပြည်နယ်တွင် ဖွဲ့စည်းခဲ့သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ - ရှမ်းပြည်နယ်(JMC-S)၌ တပ်မတော်၊လက်နက်ကိုင်အဖွဲ့၊ ရပ်မိ ရပ်ဖ၊စသည်တို့ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
အဆိုပါ JMC-S သည် နှစ်ဖက် အပြန်အလှန် ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သလို NCA စာချုပ်ပါ အချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက် စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် လုပ်ငန်းလမ်းညွန်မှု ကျင့်ဝတ်များကို လည်း ထုတ်ပြန်ထား၍ လိုက်နာဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
“NCA ထိုးပြီး နောက်ပိုင်း ဖြစ်တဲ့ တိုက်ပွဲများအကြောင်းကို ဆွေးနွေးဖြစ်တယ်။ ဒါမျိုး နောက်ထပ် မဖြစ်အောင် နှစ်ဖက် တွေ့ဆုံဆွေးနွေးပြိးတော့ အဖြေရှာနိုင်အောင် JMC-S ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ဒါက ကောင်းမွန်တဲ့ အချက်လို့မြင်ပါတယ်”ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးစိုင်းဦးကပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ - ရှမ်းပြည်နယ် (JMC-S)တွင် တပ်မတော် ဘက်မှ ၃ ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ၃ ဦး၊ ပြည်နယ်ရဲမင်းကြီး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ စသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။
ယင်းနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ- ရှမ်းပြည်နယ်(JMC-S) ၏ အစည်းအဝေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အလျှောက် ဇန်နဝါရီ ၂၉ ရက်တွင် ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။







