“အခုလို စီရင်ချက် ချမှတ်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က၊ ပြည်သူတွေဘက်က အားလုံးက သံသယဝင်နေကြပါ တယ်။ အထူးသဖြင့်တော့ ထိုင်းရဲတပ်ဖွဲ့နဲ့ အောက်ခြေ တရားရုံးရဲ့ တရားစီရင်ရေး စနစ်တစ်ခုလုံးအပေါ်မှာ သံသယ ဝင်ကြပါတယ်။ အဲ့ဒါကြောင့် ဒီတရားစီရင်ရေး တစ်ခုလုံးနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံ အနေနဲ့ တာဝန်ယူပေးဖို့ လိုအပ်ပါတယ်”ဟု ဒေါက်တာအေးမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါအမှုစစ်ဆေးချက်အပေါ် မြန်မာနိုင်ငံသားများအပြင် ထိုင်းလူမှုအဖွဲ့အစည်းများ၊ ထိုင်းလူ့အခွင့်အရေးနှင့် သတ်သက်သည့် ပုဂ္ဂိုလ်များနှင့် ထိုင်းရှေ့နေများကောင်စီနှင့် မှုခင်းနှင့် ပတ်သက်ပြီး ဆေးစစ်ဆေးချက်ကို ဆောင်ရွက်ခဲ့သည့် ဆရာဝန်ကြီးများ ထွက်ဆိုချက်များကို သုံးသပ်၍ ထိုင်းနိုင်ငံ၏ တရားစီရင်ရေးကို သံသယဖြစ်နေကြသည်ဟု သိရသည်။
သက်ဆိုင်ရာနိုင်ငံ၏ တရားစီရင်ရေးလမ်းကြောင်းအတိုင်း ဆက်လက်ပြီး အယူခံဝင်ဖို့ လိုအပ်ကြောင်း၊ ထိုင်းအစိုးရ၊ ထိုင်းဘုရင်နှင့် ဘုရင့်အကြံပေးများအနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံချစ်ကြည်မှု ရေရှည်အကျိုးစီးပွားကို မျှော်ကိုးကာ လိုအပ်သလို သုံးသပ်ပြီး အယူခံလွှာနှင့်ပတ်သက်သည့် ကဏ္ဍတွင် အလေးအနက်ထားပြီး သုံးသပ်စေချင်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌက ၎င်း၏ သဘောထားကို ပြောသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ပြည်ပရောက်နေသည့် မြန်မာနိုင်ငံသားများအတွက် အလေးအနက်ထား ပြန်သုံးသပ်စေချင်ကြောင်း ၎င်းက ပြောသည်။
“မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ပြည်ပကိုရောက်နေတဲ့ သန်းချီတဲ့ မြန်မာနိုင်ငံသား အားလုံးနဲ့ ပတ်သက်တဲ့သဘောထားကို လေးလေးနက်နက် ပြန်လည် သုံးသပ်ဖို့ လိုတယ်။ ကိုယ်ဖြစ် ကိုယ်ခံ ဆိုတဲ့ သဘောမျိုးနဲ့မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးလိုပဲ မြန်မာနိုင်ငံ ပြင်ပကို ရောက်နေတဲ့သူတွေ အားလုံးနဲ့ ပတ်သက်တဲ့ သံခင်းတမန်ခင်းလမ်းကြောင်းကို ပိုပြီးတော့ ဖိဖိစီးစီး ဆောင်ရွက်ဖို့ လိုတယ်”ဟု ဒေါက်အေးမောင်က ပြောသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ယင်းအမှုနှင့်ပတ်သက်၍ သံတမန်လမ်းကြောင်းမှ ဆောင်ရွက်နိုင်ရန် ပါတီတွင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် လိုအပ်သည့် သံတမန်နည်းလမ်း များဖြင့် ဆက်စပ်ဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း၊ နောင်ကာလတွင် အစိုးရအဖွဲ့ကို ဦးဆောင်မည့် အမျိုးသား ဒီမိုကရေစီချုပ်အနေဖြင့်လည်း ယခုကိစ္စကို ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုလိုသည်ဟု သူက ဆက်လက်ပြောကြားသည်။
နောက်ထပ်ရခိုင်နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ရခိုင်မျိုးချစ်ပါတီအနေဖြင့်လည်း အဆိုပါ တရားစီရင်ချက်အပေါ် ဂုဏ်သိက္ခာလုပွဲအဖြစ်မြင်သည်ဟု ဆိုသည်။
“အဲ့ဒီလိုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာလုပွဲလို့ပဲ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာယှဉ်ပြိုင်မှုဖြစ်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘာမှမရှိဘူးလို့ ပြောနေကြ ပေမယ့် ဥပဒေအထက်မှာ ဂုဏ်သိက္ခာရှိနေတာကို အခု ဆုံးဖြတ်ချက်အရ တွေ့နေရပါတယ်”ဟု ရခိုင်မျိုးချစ်ပါတီ ခေါင်းဆောင် ဦးမောင်မောင်စောက ပြောသည်။
အဆိုပါကိစ္စသည် လွဲမှားသည့် စီရင်ချက်ဖြစ်သည့်အတွက် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ရန် ရခိုင်မျိုးချစ်ပါတီအနေဖြင့် စီစဉ်နေပြီး၊ ယင်းအမှုနှင့်ပတ်သက်ပြီး ထိုင်းတရားစီရင်ရေး တည့်မတ်လာ စေရန်အတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွာ မည်ဟု APP ခေါင်းဆောင်က ပြောသည်။
မှုခင်းဖြစ်စဉ်တစ်လျှောက်လုံး သတင်းများကို ခြံုသုံးသပ်ရလျှင် လွတ်နိုင်ခြေရှိသည်ဟု သုံးသပ်ခဲ့ကြ သော်လည်း ပြစ်ဒဏ်ချမှတ်သည် သာမက သေဒဏ်ပေးခဲ့သဖြင့် ရခိုင်ပြည်သူများအပါအဝင် မြန်မာပြည်သား အားလုံး စိတ်မကောင်းဖြစ်ရပြီး တရားစီရင်ချက်အပေါ် သံသယဖြစ်နေကြသည်ကို တွေ့ရသည်ဟု စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဆရာဦးသန်းထွန်းက ပြောသည်။
“ကော့စမွီတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့ သဘောလား၊ သူတို့ရဲ့ နောက်ကြောင်းတွေကို ဖုံးကွယ်ချင်တဲ့သဘောလား ဆိုတာတွေကို ယူဆပြီးတော့ သံသယဖြစ်စရာ တွေကို တွေ့ရပါတယ်”ဟု ဆရာဦးသန်းထွန်းက ပြောသည်။
အဆိုပါအမှုကို အယူခံအဆင့်ဆင့်ဝင်ရာ၌ အားကောင်းလာစေရန် မြန်မာနိုင်ငံမှ ဥပဒေကျွမ်းကျင်သူ များ၊ အစိုးရအဖွဲ့များနှင့်ပူးပေါင်းပြီး အယူခံတွင် အားကောင်းအောင် လုပ်ပေးနိုင်ဖို့လိုအပ်သည်ဟု သူ့သဘောထားကို နိရဥ္စရာသတင်းဌာနသို့ ပြောသည်။







