ကိုမန်မုန်တိုင်း တိုက်ခတ်စဉ်က ပြိုပျက်သွားသော တံတား ၄စင်း မပြုပြင်သဖြင့် ဒေသခံပြည်သူများ သွားလာရေးခက်ခဲ

ကိုမန်မုန်တိုင်း တိုက်ခတ်စဉ်က ပြိုပျက်သွားသော တံတား ၄စင်း မပြုပြင်သဖြင့် ဒေသခံပြည်သူများ သွားလာရေးခက်ခဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယူတောင် အရှေ့ခြမ်း မြေသားလမ်းပေါ်တွင် သွားလာရေး လွယ်ကူစေရန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ တည်ဆောက်ထားသော တံတား ၄ စင်းမှာ ကိုမန်မုန်တိုင်း တိုက်ခတ်စဉ်က ပြိုပျက်သွားသော်လည်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း မရှိသဖြင့် ဒေသခံပြည်သူများအတွက် သွားလာရေး အထူးအခက်အခဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

“အငူမော် လမ်းမှာတည်ရှိတဲ့ စေတီပြင်နဲ့ အငူမော်အကြား တံတား ၄ စင်းကို အသုံးပြုနိုင်တဲ့ကာလက စစ်တွေနဲ့ စေတီပြင်ကို ကား၊ ဆိုင်ကယ်တွေနဲ့ နေ့ချင်းပြန် သွားလာလို့ ရခဲ့တယ်။ အခုတံတား ပျက်စီး သွားတဲ့အတွက် သွားလာရတာ ကြန့်ကြာပြီးတော့ အထူးအခက်အခဲ ဖြစ်နေကြပါပြီ”ဟု စေတီပြင် ကျေးရွာမှ ရဝတ ဥက္ကဋ္ဌဟောင်း ဦးမောင်အေးညွှန့်က ပြောသည်။

ယင်းတံတား ၄ စင်းကို ပြည်မဒေသမှ ကုမ္ပဏီတစ်ခုက လာရောက်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်းဘုတ် မတင်၊ ပွင့်လင်းမြင်သာမှု မရှိခဲ့သဖြင့် မည်သည့် ကုမ္ပဏီက မည်မျှ ငွေကြေးကို အကုန်အကျခံ တည်ဆောက်ခဲ့သည်ကို ဒေသခံ ပြည်သူများက မသိရှိခဲ့ကြကြောင်း ဆိုသည်။

အမည်မဖေါ်လိုသူ ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးက ယင်းတံတားများမှာ ကိုမန်မုန်တိုင်း တိုက်ခတ်စဉ် သြဂုတ်လ ပထမအပတ်က ပြိုပျက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ တံတားများ တည်ရှိသော နေရာဒေသတွင် ရေကြီးနစ်မြုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ တံတားများကို စနစ်တကျ တည်ဆောက်ခဲ့ခြင်း မရှိသဖြင့် အနည်းငယ် ရေတိုက်ရုံနှင့် ပြိုပျက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ လူသူ အရောက်ပေါက်နည်းသော ဒေသဖြစ်သည့်အတွက် အရေးမစိုက် ဖြစ်သလို တည်ဆောက်ခဲ့၍ အချိန်အတိုအတွင်း ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ယင်းတံတားများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည်ဟု တံတားဘောင်ပေါ်တွင် ရေးထိုးထားသော စာအရ သိရသည်။

 မယူတောင် အရှေ့ခြမ်းတွင် တည်ရှိသော အငူမော်လမ်းသည် မြစ်ချောင်း ပေါများသော ဒေသတွင် တည်ရှိသဖြင့် ဒေသခံများ အတွက် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး အငူမော်ကျေးရွာမှ တစ်ဆင့် မြစ်ကို စက်လှေဖြင့် ဖြတ်ကူးပြီး စစ်တွေသို့ အချိန်တိုအတွင်း သွားလာနိုင်သော လမ်းဖြစ်ကြောင်း သိရသည်။

ယင်းလမ်းသည် အငူမော်ရွာမှ ဘူးသီးတောင်ထိ သွားလာနိုင်ရန် ရည်ရွယ်၍ ဖောက်လုပ်နေသော လမ်းဖြစ်သဖြင့် ယင်းလမ်းပြီး စီးပါက ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများနှင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အကြား အလွယ်တကူ သွားလာနိုင်ကြမည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ အစိုးရ၏ သက်တမ်း ငါးနှစ်ကာလအတွင်း လမ်းတံတား၊ စာသင် ကျောင်း၊ ဆေးရုံ အများအပြား ကို နိုင်ငံတော်မှ ဘဏ္ဍာငွေအများအပြားကို အသုံးပြု တည်ဆောက်ခဲ့ သော်လည်း အများစု အဆောက်အဦများနှင့် လမ်းတံတား များမှာ စံချိန်မမီ ခိုင်ခန့်မှု မရှိသဖြင့် အချိန်တိုအတွင်း ပြိုပျက်မှုများနှင့် ကြံုတွေ့နေကြရသည်ဟု ဒေသခံပြည်သူများ က ပြောဆိုသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...