ကမာဝက် မိုးစပါးများ ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရ

ကမာဝက် မိုးစပါးများ ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရ
ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရသော စပါးခင်းများ(IMNA)
ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရသော စပါးခင်းများ(IMNA)
မွန်ပြည်နယ်၊ ကမာဝက်မြို့တွင် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ လယ်ခင်းများတွင် “ဖလံဖြူ”ဟု ခေါ်သော စပါးဖျက်ပိုး တစ်မျိုးကြောင့် မိုးစပါးအများအပြား ပျက်စီးခဲ့သည်ဟု ကမာဝက်မြို့မှ လယ်ပိုင်ရှင်ထံမှ သိရသည်။

အဆိုပါ စပါးဖျက်ပိုးကြောင့် စပါးများ ပျက်စီးခဲ့ရသည်ကို လယ်ပိုင်ရှင်များ စိုးရိမ်နေကြပြီး ထိုပိုးများကို ကာကွယ်ရန် နည်းလမ်းများ မသိရှိသေးကြောင်း လယ်သမားများက ပြောသည်။

လယ်ပိုင်ရှင် ဦးဗလိုင်းက “လယ်မစိုက်ခင်ကတည်းက ဒီပိုးကို ကာကွယ်ဖို့ ကျွန်တော်တို့ဘယ်က ဘာ အကြံဉာဏ်မှ ယူလို့ မရဘူး။ အကြံဉာဏ်ကောင်းတွေ လိုချင်ပါတယ်။ တချို့တွေက ပြောကြတာက ပိုတက်ဝဲ(ဒေသအခေါ် ဓာတ်မြေသြဇာတစ်မျိုး) ထည့်ဖို့ပြောတယ်၊ ပိုးတက်ဝဲထည့်တော့လည်း ဆက်ဖြစ်နေတာပဲ။ ဒီနှစ်ကတော့ မနှစ်ကထက် ဖလမ်ဖြူပိုး ထိတာများတယ်။ ဒီတော့ စပါးလည်း အထွက်လျှော့သွားမယ်”ဟု ပြောသည်။

ကမာဝက် ဒေသစပါးစိုက်ခင်းများတွင် တစ်ဧကလျှင် စပါး ၅၀ မှ ၅၅ တင်းခန့် အထွက်နှုန်းရှိကြောင်း၊ ဖလံဖြူပိုးကြောင့် စပါးပျက်စီးမှုများသဖြင့် ယခင်နှစ်ထက် အထွက်ပိုမိုနည်းပါးနိင်ကြောင်း သူက ဆိုသည်။

လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ခင်သန်းဆွေကလည်း “ကျွန်မလယ်ကိုတော့ အရိုးဝဲသုံးတယ်။ ပြီးတော့ ပုလဲဝဲကိုတော့ လျှော့သုံး တယ်။ ဒါကြောင့် ဒီနှစ် ဖလံဖြူပိုး နည်းလာတယ်။ အရိုးဝဲကိုတော့ ၁ ဧကကို တစ်အိတ်ခွဲထည့်တယ်။ ပုလဲဝဲကိုတော့ ကျဲပက်ပြီး ထည့်တယ်”ဟု ပြောသည်။

ယခုအခါ စပါးများ ရိတ်သိမ်းရန် အလုပ်သမားခ တစ်နေ့လျှင် ၆,၀၀၀ ကျပ်နှုန်း ငှာရမ်းနေရပြီး လက်ရှိ စပါးတင်း ၁၀၀ ပေါက်စျေး၊ ကျပ် ၆ သိန်းမှ ရ သိန်းအထိ ရှိနေကြောင်း ဒေါ်ခင်သန်းဆွေက ဆက်ပြောသည်။

ဖလံဖြူ ပိုးများသည် စပါးအပွင့်လှန်းချိန်မှ စတင်ကျရောက်ပြီး ထိုမှတစ်ဆင့် စပါးပင်များကို ကိုက်ဖျက်ရာ ရင့်မှည့်နေသော စပါးများလည်း ပျက်စီးတတ်ကြောင်း၊ ဖလံဖြူပိုးမှာ အစိမ်းရောင်ဖြစ်ပြီး စပါးပင်၏ ပင်စည်ထဲမှနေ၍ စပါးပင်များကို ကိုက်ဖျက််သည်ဟု ဆိုသည်။

ကမာဝက်မြို့တွင် အနီးတဝိုက် မိုးစပါးစိုက်လယ်ယာမြေများအနက် ဧက ၂၅၀ ကျော် ဖလံဖြူ စပါးဖျက်ပိုးဒဏ်ခံနေရသည်ဟု ဒေသခံ များ ခန့်မှန်းနေကြသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...