တစ်နိုင်ငံလုံး အတိုင်းအတာမဆောင်သည့် စာချုပ်ကို လွှတ်တော်၌ အတည်ပြုခြင်းက ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ဟု UNFC ပြော

တစ်နိုင်ငံလုံး အတိုင်းအတာမဆောင်သည့် စာချုပ်ကို လွှတ်တော်၌ အတည်ပြုခြင်းက ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ဟု UNFC ပြော
UNFC ဒုဥက္ကဌ နိုင်ဟံသာ(Internet)
UNFC ဒုဥက္ကဌ နိုင်ဟံသာ(Internet)
တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ မဆောင်သော NCA စာချုပ်ကို လွှတ်တော်၌ အတည်ပြုခြင်းက အားလုံးမှ လိုလားသော အဖြေ ရရှိမည်မဟုတ်သလို ပြီးပြည်စုံသော ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည်မဟုတ်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ပြောသည်။

ဒီဇင်ဘာ ရ ရက်မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ကျင်းပသော UNFC နှစ်ပတ်လည် ကောင်စီအစည်းအဝေး တွင် UNFC က ထိုသို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

UNFC ဒုဥက္ကဌ နိုင်ဟံသာက “တနိုင်ငံလုံးအတိုင်းအတာ မဆောင်တဲ့ စာချုပ်ကို လွှတ်တော်က အတည်ပြုလိုက်တာ မဖြစ်သင့်ပါဘူး။ ဒီလို လုပ်ခြင်းအားဖြင့် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာလည်း မဟုတ်ဘူး။ နောက်တစ်ခုက အားလုံးက လိုလားတဲ့ အဖြေကိုလည်း ရလာနိုင်ခြေမရှိဘူး။ဒါကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်”ဟု ပြောသည်။

ယင်းအစည်းအဝေးမှတဆင့် ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် UNFC ကြေညာချက်တွင် NCA အကောင်အထည်ဖော်မှုလုပ် ငန်းစဉ်များကို လက်ရှိ အစိုးရ၊ တပ်မတော်နှင် မကြာမီ အာဏာရရှိလာ မည့် NLD အစိုးရသစ်တို့ အပြီးသတ် ဆက်လက်တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြပြီး ထိုသို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား ရန် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး အဖြေရှာရေး ကိုယ်စားလှယ်အဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

NCA နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့သာ အစိုးရမှ ကမ်းလှမ်းခဲ့သလို ညှိနှိုင်းဆွေးနွေးရေးသားမှု ကာလတလျှောက် ပါဝင်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးမီ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် လွှတ်တော်၌ အတည်ပြုသွားခဲ့ပြီး လည်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ရှိသည့်အတွက် အားလုံး ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန် UNFC အဖွဲ့ဝင်များက တောင်းဆိုခဲ့ ကြသော်လည်း NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သာ အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

တဖက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မွန် ပြည်သစ်ပါတီ(NMSP)၊ မိုင်းလားအဖွဲ့(NDAA)၊ “ဝ”ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ ကပ်ပလန်(NSCN-K)၊ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ရက္ခိုင့်တပ်မတော်(AA)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ “ဝ”အမျိုးသားအဖွဲ့ (WNO)၊ လားဟူးအဖွဲ့(LDU) တို့ NCA စာချုပ်လက်မှတ်မရေးထိုးသေးပေ။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...