ဦးနန္ဒက “ခွင့်ပြုချက် တင်ထားတာ ခုထိ မချပေးသေးဘူး။ ခွင့်ပြုချက် မချပေးရင်လည်းပဲ ဒီလထဲမှာ စိုက်ဖို့ ဦးဇင်းတို့ ဒေသခံတွေ သဘောတူထားကြပြီ”ဟု မိန့်သည်။
ဒီရေတော ပြုစုပျိုးထောင်ခွင့် ရရှိရန်အတွက် သြဂုတ်လ ၂ ရက်နေ့တွင် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာ အုပ်စုမှ ဒေသအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်ပြီး မြို့နယ်တာဝန်ရှိသူများထံသို့ သွားရောက်တင်ပြခဲ့ သော်လည်း ၄ လကျော် ကြာမြင့်သည်ထိ အကြောင်းပြန်ခြင်း၊ ခွင့်ပြုခြင်း မရှိသေးသည့်အတွက် ခွင့်ပြုချက် မစောင့်ဘဲ ဒေသခံများ၏ အင်အားဖြင့် စိုက်ပျိုးရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။
ဖာလိန်ဒေသတွင် ဒီရေကြောင့် တာတမံများ ကျိုးပေါက်ပြီး နှစ်ပေါင်းများစွာ စပါးမစိုက်ပျိုးနိုင်သည့် အတွက် ဒီရေကို အကာအကွယ်ပေးနိုင်မည့် ဒီရေတောများ စိုက်ပျိုးရန် လိုအပ်လျက် ရှိသည်ဟု ဦးဆောင်သူများက ပြောသည်။
ထိုဒေသတွင် တာတမံ ကျိုးပျက်ခြင်းကြောင့် လယ်မြေဧက ရ၀၀ ကျော်တွင် နှစ် ၂၀ ခန့် စပါး မစိုက်ပျိုးနိုင်ဘဲ ပစ်ထားခဲ့ရသည်ဟုလည်း အံဒင်ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဦးအောင်လင်းက ပြောသည်။
ဒီရေတော ပျိုးထောင်ခွင့် ရရှိရန် ဦးဆောင်လျှောက်ထားသူလည်း ဖြစ်သည့် ဦးအောင်လင်းက “တာတမံတွေ ကျိုးလို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တာတမံ ထပ်ဆောက်ခဲ့သေးတယ်။ ရာသီဥတု ဒဏ်၊ ဒီရေဒဏ် မခံနိုင်လို့ တမံတွေ ခဏခဏ ကျိုးတယ်။ ဒါ့ကြောင့် အခုလယ်ပျက်နေတဲ့အစပ်မှာ ဒီရေတော ပြုစုပျိုးထောင်ဖို့ လျှောက်ထားရတာပါ”ဟု ပြောသည်။
ဒီရေတောသည် လေဘေးဒဏ်နှင့် ဒီရေရိုက်ခတ်မှုဒဏ် စသည်တို့ကို ကာကွယ်ပေးနိုင်သည့်အတွက် တာတမံ ကျိုးပေါက်ခြင်းကို လျှော့နည်းစေနိုင်သည့်အပြင်၊ ဆန်စပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းနှင့် ရေသတ္တဝါများ ခိုအောင်းရာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် လေ့လာသူများက ပြောသည်။
သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးဖြစ်သည့် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့မှ ဦးညီသွေးက “ဒီရေတောက အခြားတောတွေထက် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ပိုစုပ်ယူနိုင်တယ်။ Global warming ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန် တိုးလာမှုကိုလည်း ထိန်းထားနိုင်တယ်။ နောက်ပြီး မုန်တိုင်းဒီရေ storm surge တို့၊ ဆူနာမိလှိုင်းတို့ကို အရှိန်တားထားနိုင်တဲ့ အကာအကွယ် ဖြစ်တယ်။ ဒါတွေက ဒီရေ တောရှိတဲ့ အကျိုးတွေပေါ့” ဟု ပြောသည်။
ငါး၊ ပုဇွန်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်ဆပ်စပ်နေသော လမုတော ဧရိယာများ ပျက်စီးမှု မဖြစ်စေရန် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ထားရန် အထူးပင် လိုအပ်ကြောင်းကို အဏ္ဏဝါဗေဒ ပညာရှင်များက သြဂုတ်လအတွင်း ရေးမြို့တွင် ကျင်းပခဲ့သည့် ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲတွင် ထောက်ပြခဲ့ကြသည်။
ရေးမြို့နယ်အတွင်း ဒီရေတော ၂၉၉ ဧက ထိန်းသိမ်းထားလျက်ရှိပြီး၊ ဆက်လက်ပြုစု ထိန်းသိမ်းထားနိုင်ရေး အစီအစဉ်များ ရှိကြောင်းလည်း ရေမြို့နယ် သစ်တောဦးစီးဌာနက ပြောသည်။







