သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် ဒီဇင်ဘာလဆန်းပိုင်းက တွေ့ဆုံဆွေးနွေး သည့်နောက်ပိုင်း တိုက်ပွဲသံ ငြိမ်လာသည့်အတွက် မိုင်းရှူးမြို့နယ် ဟိုင်းပါရွာမသို့ တိမ်းရှောင်လာသည့် အိမ်ခြေ/မိသားစု ၁၃၀ ကျော်၊ လူဦးရေ ၅ဝဝ ကျော်ရှိ ကုန်းနိမ်ရွာမှ ရွာသားများ ဒီဇင်ဘာ ၁၃ ရက်နေ့က နေရပ်ပြန်ကြရာ ဒေသအတွင်း ရောက်ရှိလှုပ်ရှားနေသည့် အစိုးရတပ်မတော်စစ်ကြောင်းက တားမြစ်ခြင်း ဖြစ်သည်။
“သေနတ်သံငြိမ်နေပြီဖြစ်လို့ နေရပ်ပြန်ကြတာလေ။ အိမ်ရောက်တော့ ကျနော်တို့ရဲ့ နွားတွေကို သတ်စားထားတဲ့ အရိုးတွေအပုံလိုက်ဘဲ။ ကျနော်တို့ကိုလည်း ဘုန်းကြီး ကျောင်း ကိုခေါ်ပြီး တန်းစီ ထိုင်ခိုင်းတယ်။ တပ်အကြီးအကဲ ကမေးတယ်။ ခင်ဗျားတို့ကို ဘယ်သူခေါ်လို့ ပြန်လာတာလဲတဲ့။ မခေါ်ဘဲနဲ့ ပြန်မလာနဲ့။ စခန်းမှာပြန်သွားနေ၊ နောက် ၂ လ လောက်ကျမှခေါ်မယ်လို့ ပြောတယ်။ ကျနော်တို့ကို နှစ်နာရီကျော်ကြာ ငုတ်တုတ်ထိုင်ခိုင်းတယ်။ ပြီးမှ ပြန်လွှတ်တယ်။ တော်သေးလို့ လူကိုဘာမှ မလုပ်တာ”ဟု ဟိုင်းပါသို့ ပြန်လာသည့် ကုန်းနိမ်ရွာသား တဦးက ပြောသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသည့် မိုင်းရှူးမြို့ ရပ်မိရပ်ဖ တဦးကလည်း “ ဒီကနေ့က ရက်ကောင်းရက်မြတ်လေ။ ဟိုင်းပါရွာနဲ့ သိပ်မဝေးတဲ့ ဝမ့်ကောင်းရွာဟောင်းမှာ မြေကွက်ရိုက်ပြီး သူတို့နေဖို့ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်စီစဉ်ပေးနေပြီ”ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ကုန်းနိမ်ရွာသူရွာသားများသည် ပလောင်လူမျိုးများဖြစ်ကြပြီး မိသားစု ၁၃၀ ကျော် တွင် ကျွဲ ၂၆၂ ကောင်၊ နွား၂၃၉ ကောင်၊ ဝက် ၂၈၉ ကောင်၊ ကြက် ၁၁၇ ကောင်၊ ဆိုင်ကယ် ၁၉ စီး၊ ဆန်စက် ၆ လုံး၊ စပါးတင်းပေါင်း ၅ဝဝ ကျော်၊ ပြောင်းတင်းပေါင်း ၁ဝဝဝ ကျော် ရွာတွင်ပစ်ထားကာ ဟိုင်းပါရွာမသို့ စစ်ဘေးရှောင်ကြကြောင်း၊ ထိုပစ္စည်းများ ပျက်စီးဆုံးရှုံးသောကြောင့် ဘဝပြန်လည်ထူထောင်နိုင်ရေး အတွက် အခက်အခဲအများအပြားကြုံနေကြောင်း ရွာအကြီးအကဲများက ပြောသည်။
ပြည်ထောင်စုအဆင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှစ၍ နိုဝင်ဘာလ နှောင်းပိုင်းအထိ မြန်မာအစိုးရ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထိုးစစ်ဆင်မှုကြောင့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံမြို့၊ မိုင်းရှူးမြို့နယ်အတွင်း ဒေသခံ တသောင်းကျော် နေရပ်မှ စွန်ခွါခဲ့ရသည်။ သျှမ်းပြည်တပ်မတော် ထိန်းချုပ်ထားသည့် ရွာဘက်တွင် စစ်ဘေးရှောင်များ နေရပ်ပြန်နေနိုင်သော်လည်း အစိုးရတပ်မတော် ထိန်းချုပ်ထားသည့် ရပ်ရွာများမှာမူ ဒေသခံများ နေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲ ကြုံတွေ့နေရဆဲ ဖြစ်သည်။







