တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် မီဒီယာဌာနကြီးများ၏ ပူးပေါင်းကူညီဆောင်ရွက်မှု လိုအပ်ဟုဆို

တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် မီဒီယာဌာနကြီးများ၏ ပူးပေါင်းကူညီဆောင်ရွက်မှု လိုအပ်ဟုဆို
by -
နိရဥ္စရာ
တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် ရပ်တည်နိုင်ရေးအတွက် အစိုးရနှင့် ရန်ကုန် အခြေစိုက် မီဒီယာကြီးများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း တိုင်းရင်းမီဒီယာ တာဝန်ရှိသူများက ပြောကြားသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ ရန်ကုန်မြို့ Chatrium ဟိုတည်တွင် ၂ ရက်တိုင်တိုင် ကျင်းပ သော စတုတ္ထအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံတွင် တိုင်းရင်းသား မီဒီယာများက တိုင်းရင်းမီဒီယာ အခင်းအကျင်းနှင့် စိန်ခေါ်မှုများကဏ္ဍကို ဆွေးနွေးရာတွင် တိုင်းရင်းသား မီဒီယာ တာဝန်ရှိသူများက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းမီဒီယာတွေရဲ့ အရည်အသွေးကို မြှင့်တင်ပြီး ရေရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် အစိုးရ အနေနဲ့ အဓိက မြေတောင် မြောက်ပေးဖို့လိုအပ်တယ်။ တိုင်းရင်းသားမီဒီယာဌာနတွေကို လွတ်လပ် စွာ ရပ်တည်နိုင်ရေးအတွက် နှောင်ကြိုးမပါတဲ့ ငွေကြေးထောက်ပံ့မှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အစိုးရ တာဝန်ရှိသူတွေကလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဖို့လုပ်ငန်း စတင်နေပြီးလို့ သိရပါတယ်”ဟု ကရင်သတင်းဌာန KIC မှ အယ်ဒီတာချုပ် မနန်းဖော့ဂေက ညီလာခံတွင် ပြောဆိုသည်။

၎င်းအပြင် သူမက “နောက်တစ်ခုက ရန်ကုန်၊ မန္တလေး အခြေစိုက် မီဒီယာဌာနကြီးတွေက ဒေသခံ တိုင်းရင်းသား မီဒီယာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ တိုင်းရင်းသားမီဒီတွေဆီက သတင်းတွေကို ၀ယ်ယူ အားပေးခြင်းဖြင့် ထောက်ပံ့မှုတွေ ပြု လုပ်နိုင်ပါတယ်”ဟု သူမက ဆိုသည်။

မီဒီယာဥပဒေကို ရေးဆွဲပြဌာန်းရာတွင်လည်းလည်း မီဒီယာကောင်စီအနေဖြင့် အစိုးရနှင့် ညှိနှိုင်း ရေးဆွဲပြဌာန်းခြင်း မဟုတ်ဘဲ ရေးဆွဲပြီးဥပဒေကို အောက်ခြေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသို့ ချပြပြီး သူတို့သဘောထားကို ရယူဖို့ လိုအပ်သည်ဟု သူမက ပြောသည်။

တိုင်းရင်းသား မီဒီယာများအနေဖြင့် စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ရန် ကျွမ်းကျင်ပြီး၊ အရည်အချင်း ရှိသော သတင်းသမားများ ကို မွေးထုတ်ရန် လိုအပ်ပြီး၊ ငွေကြေးနှင့် အဖွဲ့အစည်း စီမံခန့်ခွဲမှု အပိုင်း တွင်လည်း ကျွမ်းကျင်မှုရှိဖို့ လိုအပ်သည်ဟု မြစ်ကြီးနား ဂျာနယ်မှ အမှုဆောင်အရာရှိ ဦးဘရန်မိုင်က ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသားမီဒီယာတွေ အဓိကရင်ဆိုင်နေရတာကတော့ ကျွမ်းကျင်တဲ့ မီဒီယာ သမားတွေ ရှားပါးမှုပါ။ ကျွန်တော်တို့ ကျွမ်းကျင်မီဒီယာသမားတွေကို မွေးထုတ်ပေးခဲ့တာ ရှိခဲ့ပေမယ့် သူတို့ ကျွမ်းကျင်သွားတဲ့အခါ  မီဒီယာ ဌာနကြီးတွေဆီ ရောက်သွားကြပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ တိုင်းရင်းသားမီဒီယာတွေအနေနဲ့ ငွေကြေးစီမံခန့်ခွဲမှု၊ စျေးကွက်ရှာဖွေမှုနဲ့ အဖွဲ့အစည်း စီမံခန့်ခွဲမှု အပိုင်းတွေမှာ ကျွမ်းကျင်မှု မရှိကြပါဘူး။ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်ဖို့ ဆိုရင် အဲ့ဒီအပိုင်းတွေကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်”ဟု ဦးဘရန်မိုင်က ဆိုသည်။

မြစ်ကြီးနားဂျာနယ်အနေဖြင့် ထုတ်လုပ်မှုဆိုင်ရာ၊ မီဒီယာဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ၊ စျေးကွက်ဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ငယ်များ ဖွဲ့၍လုပ်ဆောင်ခြင်းဖြင့် စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ခဲ့သည်ဟု သူက ပြောသည်။

“စျေးကွက်နဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ ကျွန်တော်တို့ဟာ ဆိုင်တွေကို အဓိကအမှီမပြုပဲ၊ အိမ်တိုင်ရာရောက် ရောင်းချနိုင်တဲ့ သူတွေကို ရှာဖွေပြီး စျေးကွက်ကို တည်ဆောက်ခဲ့ပါတယ်။ သူတို့အတွက် အကျိုးအမြတ်တွေကို သတ်မှတ်ပေးထားတဲ့အတွက် ရောင်းသူရော ထုတ်လုပ်သူအတွက်ပါ အကျိုးရှိစေပါတယ်”ဟု ဦးဘရန်မိုင်က ပြောသည်။

ဝါရင့် သတင်းစာဆရာ ဦးဇင်လင်းကလည်း “မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးတွင် တိုင်းရင်းသား မီဒီယာ တိုးတက်ရေးသည်လည်း အရေးကြီးကြောင်း၊ ပြည်မတွင် အခြေစိုက်သော သတင်းမီဒီများ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ တိုင်းရင်းသား ပြည်နယ်များတွင်လည်း မီဒီယာဖွံ့ဖြိုးတိုးတက်လာပါမှ တစ်တိုင်းပြည်လုံး တိုးတက်လာသော အသွင်ကိုဆောင်လာမည် ဖြစ်ကြောင်း” ပြောကြားသည်။

ဒီဇင်ဘာလ ၁၀ ရက်မှ ၁၁ ရက်နေ့ထိ ပြုလုပ်သော စတုတ္ထအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံသို့ ပြည်ထောင်စု အစိုးရ ပြန်ကြားရေးဝန်ကြီးနှင့် အစိုးရအရာရှိများ၊ နေရာဒေသအသီးသီးတွင် အခြေစိုက်နေသော မိဒီယာကဏ္ဍပေါင်းစုံမှ မီဒီယာသမားများ၊ အယ်ဒီတာများ၊ ထုတ်လုပ်သူများ၊ မီဒီယာဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် အခြားမီဒီယာဆိုင်ရာအဖွဲ့အစည်းများ၊ သံတမန်အရာရှိများနှင့် အထူးဖိတ်ကြားထားသူ ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးနေ့ နိဂုံးချုပ် အစီအစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...