ရခိုင်ပြည်နယ် ကျေးရွာ ၄ဝမှ မိသားစု ၅ဝဝဝ ပြန်လည်ထူထောင်ရေး ICRC မှ ပံ့ပိုးကူညီမှုပြုလုပ်နေ

ရခိုင်ပြည်နယ် ကျေးရွာ ၄ဝမှ မိသားစု ၅ဝဝဝ ပြန်လည်ထူထောင်ရေး ICRC မှ ပံ့ပိုးကူညီမှုပြုလုပ်နေ
by -
နိရဥ္စရာ
ကိုမန်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ၄ဝမှ ဆင်းရဲသားမိသားစု ၅ဝဝဝ ပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC မှ ပံ့ပိုးကူညီမှု ပြုလုပ်နေသည်ဟု သိရသည်။

ထိုသို့ ပံ့ပိုးကူညီရာတွင် မိသားစုများ သက်မွေးဝမ်းကျောင်းတစ်ခုခု ပြုလုပ်နိုင်ရန်အတွက် မိသားစု တစ်စုကို ၁၈ဝဝဝဝ ကျပ် ထောက်ပံပေးမည့်အပြင် လမ်းများ၊ ရေကန်များ အစရှိသည့် အများပြည်သူ ဆိုင်ရာ အခြေခံအဆောက်အဦများ ပြန် လည်တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများ၌ သက်ဆိုင်ရာ ကျေးရွာသားများ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပြီး အခြေခံဝင်ငွေများ ရရှိရန် လုပ်ဆောင်ပေးနေသည်ဟုသိရသည်။

“အဲ့ဒီထောက်ပံ့ပေးတဲ့ ငွေ ၁၈ဝဝဝဝ ကျပ်ကို သက်ဆိုင်တဲ့ မိသားစုရဲ့ ဘဝရပ်တည်ရေးအတွက် အိမ်မွေးတိရစ္ဆာန် ဝယ်ယူတာပဲဖြစ်ဖြစ်၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးစေ့နဲ့ သူတို့နဲ့ အဆင်ပြေတဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ထောက်ပံ့ပေး တာ ဖြစ်ပါတယ်။ လယ်သမားတွေအနေနဲ့ ကျွဲ၊ နွား ဝယ်ယူတာပဲဖြစ်ဖြစ်၊ လယ်သမားတွေ စုပေါင်းပြီးတော့ လယ်ထွန်စက်ဝယ်ယူ တာမှာပဲဖြစ်ဖြစ် သူတို့ အဆင်ပြေသလို အသုံးပြုလို့ရပါတယ်”ဟု ICRC ရခိုင်ပြည်နယ်တာဝန်ခံ Enrique Ochoa Fervandez- Lomana က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို အောက်တိုဘာလမှ စတင်ခဲ့ပြီး ဒီဇင်ဘာလကုန်တွင် ပြီးဆုံးမည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရေကြီးမှုဖြစ်ပွားပြီး ရက်အနည်းငယ်အတွင်းတွင် ရခိုင်ပြည်ရှိ ရေကြီးဒေသမှ လူဦးရေ ၂၅ဝဝအတွက် ဆန်၊ ဖျာ၊ စောင်၊ ခြင်ထောင်နှင့် အခြားအရေးပေါ်သုံး ဆေးဝါးပစ္စည်းများကိုလည်း ထောက်ပံ့ပေးခဲ့ သည်ဟု သိရသည်။

ယင်းအပြင် မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်မှ လူဦးရေ ၅၇ဝဝဝ ဦး အတွက် အစားအစာ နှင့် အိမ်ထောင်စု အသုံးအဆောင်ပစ္စည်းများကိုလည်း ကူညီထောက်ပံ့ခဲ့သည်ဟု ICRC မှ ရခိုင်ပြည်နယ် တာဝန်ခံက ပြောသည်။

ICRC အနေဖြင့် ရေလွှမ်းမိုးကျေးရွာများရှိ ရေကန်ပေါင်း ၈၆ကန်အား ရေစုပ်စက်များအသုံးပြုပြီး သန့်ရှင်းမှုပြုလုပ်ခဲ့သောကြောင့် လူဦးရေ ၁ သိန်းအတွက် အကျိုးခံစားခွင့်ရရှိမည်ဟု သိရသည်။

ရေများစုပ်ထုတ်ခဲ့သည့် ရေကန်များအားလည်း မိုးရေပြန်လည်ရရှိမှု ရှိမရှိကို စိစစ်မှုများပြုလုပ်ခဲ့ပြီး နွေရာသီရေရှားပါးလာပါက လည်း ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ရေရရှိရေး အတွက် တတ်နိုင်သလောက် ပံ့ပိုးကူညီသွားမည်ဟု ICRC မှ ရခိုင်ပြည်နယ်တာဝန်မှ ပြောသည်။

အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် မျှတမှုရှိစေ ရန် ကျေးရွာအဆင့် မှ ပြည်နယ်အဆင့်ထိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မိမိတို့ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ်ကို ပြည်နယ်အစိုးရအား တင်ပြ သည့်အပြင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့်ပတ်သက်၍ အစီရင်ခံစာများကို လည်း ပြည်နယ်အစိုးရသို့ တင်ပြလျက်ရှိသည်ဟု သိရသည်။

ICRC အနေဖြင့် ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရရှိ နေသောကြောင့် လုပ်ငန်းများ အဆင်ပြေချော့မွေ့မှုရှိသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်တွင် လူ ၅၅ ဦး သေဆုံးခဲ့ပြီး၊ စပါးစိုက်ဧက ၂၇ဝဝဝဝနှင့် လူဦးရေ ၁ သိန်း ၅ သောင်းကျော်ခန့် ရေဘေးဒဏ်ခံခဲ့ရ သည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...