ကျောက်ဖြူတွင် ဥပဒေအထောက်အကူပြုသင်တန်းပြုလုပ်

ကျောက်ဖြူတွင် ဥပဒေအထောက်အကူပြုသင်တန်းပြုလုပ်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့တွင် U KYAW MYINT LAW FIRM မှ ဦးစီးပြီး စတုတ္ထအကြိမ်မြောက် ဥပဒေ အထောက်အကူပြု သင်တန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

၎င်းသင်တန်းကို ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ကျောက်ဖြူအရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းရုံးတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး အထူးစီးပွားရေးဥပဒေကိုပါ ထည့်သွင်းသင်ကြားနေကြောင်း သိရသည်။

“ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန် ဥပဒေ အကောင်အထည်ဖော်လာတဲ့အခါ ဒေသခံတွေရဲ့ နစ်နာမှုတွေနဲ့ သူတို့ အခွင့်အရေးတွေကို ကာကွယ်နိုင်အောင်ရည်ရွယ်ပြီး ဥပဒေအထောက်အကူ ပြုသင်တန်း ပြုလုပ်ရတာဖြစ်တယ်”ဟု တရားလွှတ်တော် ရှေ့နေ ဆရာဦးကျော်မြင့်က သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းအပြင် ဆရာဦးကျော်မြင့်က “ကျောက်ဖြူဒေသမှာ မြန်မာနိုင်ငံမှာ အထူးစီးပွားရေး ဇုန်တည်ထောင် ဖို့ဆိုပြီး ပြင်ဆင်နေတယ်။ ကားလမ်းတလျှောက်မှာ လျှပ်စစ်မီးတိုင် တည်ဆောက်တာတို့ ရေကာတာ တည်ဆောက်တာတွေ လုပ်နေတာကို တွေ့နေရပြီ။ လူထုတွေကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ခုထိ ဘာမှ မသိသေးဘူး။ အထူး စီးပွားရေးဇုန်လုပ်လာရင် ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဥပဒေကို နားလည်ထားရင် သူတို့ အခွင့်အရေး တွေကို သူတို့ကာကွယ်နိုင်မယ်။ ဒီလို ကာကွယ်ဖို့ ဆိုရင် ဥပဒေတွေကို သိရှိထားရမယ်။ ဒီရည်ရွယ်ျချက်တွေနဲ့  သင်တန်းပြုလုပ်ရတာ ဖြစ်တယ်”ဟု ဆရာ ဦးကျော်မြင့် ကပြောသည်။

ယခုသင်တန်းတွင် ဒေသခံ လူထုထဲမှ တက်တက်ကြွကြွ လူမှုရေး လုပ်ဆောင်နေသူများကို အဓိက ရွေးချယ် သင်တန်းပေးခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့်  ဒေသတွင်းတွင် ဥပဒေနှင့် ပတ်သက်ပြီး အကြံဉာဏ်များ ပေးနိုင်ရန်နှင့် ဆက်သွယ် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဥပဒေများကို သိရှိ နားလည်အောင် သင်တန်းပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

၎င်းဥပဒေ အထောက်အကူပြုသင်တန်းတွင် အထူးစီးပွားရေးဇုန်ဥပဒေ၊ တရားမဥပဒေ၊ လယ်ယာမြေ ဥပဒေ၊ မြေလွတ် မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ အလုပ်သမားဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ မျိုးစောင့်ဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ မြန်မာ့ သတ္တုတွင်းဥပဒေ စသည့်ဥပဒေတို့ကို သင်ကြားပေးနေသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...