ချင်းဌာနေဇလပ်မြေမှာ အောက်ချင်းငှက်တွေ တောင်ပံကျိုးသွားခြင်း

ချင်းဌာနေဇလပ်မြေမှာ အောက်ချင်းငှက်တွေ တောင်ပံကျိုးသွားခြင်း
မတ်စောက်လွန်းတဲ့တောင်တန်းကြီးတွေကာရံထားပြီး တောင်ဇလပ်ပွင့်ဖတ်နီကြီးတွေ ဖူးဖွင့်တဲ့ တောင်ဇလပ်မြေဟာ အောက်ချင်း ငှက်တို့ ရှေးယခင်ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျင်လည်လာ တဲ့ စားကျက်မြေပါ။ ဒီမြေဟာ ချင်းအမျိုးသားတို့ အမှတ်သင်္ကေတဖြစ်တဲ့ ချင်းတို့ဌာနေ ငှက် တဖြစ်လည်း အောက်ချင်းငှက်တို့ အပျော်မွေ့ဆုံးကျက်စားရာဒေသ ဖြစ်ပါတယ်။ ရာဇဝင်တွင်တဲ့ အောက်ချင်းငှက် သူရဲကောင်းတွေ မွေးဖွားရာဒေသ၊ စည်းလုံးခြင်းအားအင်ဖြင့် အောင်ပွဲခံခဲ့ကြတဲ့ တကယ့်ရာဇဝင်သမိုင်းကြောင်းတွေ ကမ္မထိုးမြှပ်နှံ ထားတဲ့မြေပေါ့၊

ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်(တနင်္ဂနွေ)နေ့ဟာ အောက်ချင်းငှက်တို့ ကျဆုံးတဲ့နေ့တစ်နေ့ ဖြစ်ခဲ့တယ်။ အင်အား ကြီးမားလွန်းတဲ့ ခွပ်ဒေါင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုမှာ အောက်ချင်းငှက် တွေ မရှုမလှအရေးနိမ့်ခဲ့ ကြတာပါ။ ဘိုးစဉ်ဘောင်ဆက် အုပ်စိုးလာခဲ့ကြတဲ့ မိမိတို့ စားကျက်ဒေသ တောင်ဇလပ်မြေမှာ အောက်ချင်းငှက်တွေ ခွပ်ဒေါင်းကို မယှဉ်နိုင်တာ ဘာကြောင့်ပါလဲ။ အောက်ချင်း ငှက်တွေဟာ စည်းလုံးညီညွတ်မှုမရှိကြတော့ဘဲ မိမိတို့အချင်းချင်း ခွပ်ပြီး တိုက်ခိုက် ယှဉ်ပြိုင်နေကြ တာကြောင့် များလား။ ဒါမှမဟုတ် အင်အားချင်းမမျှလို့ အရေးနိမ့်သွားကြတာလားဆိုတာ ချင်းနိုင်ငံရေး လေ့လာသုံးသပ်သူတွေ ရဲ့ မေးခွန်းတစ်ခုဖြစ်သွားပါတယ်။

၂၀၁၅ ရွေေးကာက်ပွဲမှာ ချင်းနိုင်ငံရေးပါတီများ လက်တွဲဆောင်ရွက်ရေး သဘောတူညီမှု ရရှိနိုင်ရေး အတွက် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ ဆလိုင်းအိုက်ဇက် ခင်ကတော့ ချင်းနိုင်ငံရေးပါတီအများအပြားရှိနေခြင်းဟာ ရွေးကောက်ပွဲမှာ ချင်းပါတီတွေ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်း အရင်းတစ်ခု ဖြစ်တယ် လို့ပြောပါတယ်။

“ချင်းပါတီတွေ တော်တော်များပြီး ကိုယ့်အချင်းချင်းလည်း ယှဉ်ပြိုင်မှုဖြစ်တဲ့အခါကျတော့ ပြည်သူတွေ အနေနဲ့ ချင်းပါတီကို ရွေးမယ့်အစား NLD ကိုရွေးတာက သူတို့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ သုံးသပ်ကြပုံရပါတယ်။ အထူးသဖြင့်က ကျနော်တို့ချင်းပါတီတွေ များနေတဲ့ကိစ္စက လူထု အတွက် မရေရာမှုပိုများစေတယ်။ ပိုပြီးတော့ အားနည်းသွားနိုင်တဲ့ အနေအထားမျိုးကို ပိုမြင်စေတယ်။ ချင်းပါတီများ အနေနဲ့ကတော့ ပါတီတွေများတဲ့အခါကျတော့ ဘယ်ပါတီကိုရွေးရမယ်ဆိုတဲ့ကိစ္စ အတွက် လူထုမှာတော်တော်လေးအခက်အခဲ ရှိခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ အဲဒီအတွက်ကြောင့် မို့လို့ လူထုက NLD ကို ရွေးလိုက်တယ်လို့ ယူဆလို့ရပါတယ်’’လို့ သူက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလတွေတုန်းက ချင်းပြည်နယ်မှာ ဒေသခံချင်းပါတီတွေ အားကောင်းနိုင် တယ်လို့ ကြိုတင်ခန့်မှန်းမှုတွေရှိခဲ့ပေ မယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်း ရလဒ်တွေ ကြေညာအပြီးမှာတော့ ချင်းနိုင်ငံရေး ပါတီတွေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ကလွဲပြီး ချင်းနိုင်ငံရေးပါတီတွေအားလုံး မရှုမလှရှုံးနိမ့်ခဲ့ကြတာပါ။

မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိတဲ့ ချင်းပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က ၂၈ နေရာ၊ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် က ၆ နေရာ၊ လက်ရှိအစိုးရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေး ပါတီက (၅) နေရာရရှိခဲ့ကြပါတယ်။

ချင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီတစ်ခုတည်း ချင်းပြည်နယ်မှာ အောင်ပွဲခံနိုင်ရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နဲ့ ကောင်းမွန်တဲ့ ချိတ်ဆက်မှုရှိတာ ကြောင့်ဖြစ်ပြီး တခြားချင်းနိုင်ငံရေးပါတီတွေဟာ NLD ချိတ်ဆက်မှုပိုင်းမှာ အားနည်းတာကြောင့်လည်း ဖြစ်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

“ချင်းနိုင်ငံရေးပါတီများအနေနဲ့ NLD နဲ့ ဒေါ်စုဦးဆောင်ပြီးတော့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ရောက်အောင် မချိတ်ဆက်နိုင်တဲ့ဟာမျိုးကြောင့် ဖြစ်တယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ ဘာဖြစ်လို့ လဲဆိုလို့ရှိရင် ချင်းက ၁၂ ပါတီရှိတဲ့အနက် ဇိုမီး ZCD ဆိုလို့ရှိရင် ၆ နေရာအထိ ရတယ်ပေါ့လေ။ ဒါကို ကြည့်လိုက်တဲ့အခါမှာ ချင်းပါတီတွေအားလုံး မရဘူးဆိုတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာ နိုင်သွား တဲ့ ZCD ကို ကြည့်မယ်ဆိုလို့ရှိရင် NLD နဲ့ ကောင်းကောင်းချိပ်ဆက် မှုရှိတယ်ဆိုတာ တွေ့ရတယ် ဆိုတော့ အဓိပ္ပါယ်က တီးတိန်၊ တွန်းဇံဘက်မှာရှိတဲ့ လူထုသည် NLD ကို မရွေးသော်လည်းပဲ ZCD ရှိတယ်ဆိုတဲ့ အဲလိုမျိုးခိုင်မာသေချာမှုသူတို့မှာ ရှိတယ်။ အဲဒီအတွက်ကြောင့် မို့လို့ NLD အစား ZCD ကို အစားထိုးပြီးတော့ ရွေးလိုက်တယ်ဆို တာမျိုး ကျနော်တို့တွေ့ရတယ်။ ဆိုတော့ တခြားချင်းပါတီ များအနေနဲ့ NLD ချိပ်ဆက်မှုနဲ့ပတ်သက် ပြီးတော့ တော်တော်လေး ချင်းလူထုတွေရဲ့အမြင်မှာ လုံလောက်မှုမရှိဘူးလို့ သုံးသပ်ပုံပေါက်ပါတယ်။ အဲဒီအတွက်ကြောင့် သူတို့က NLD ကို တိုက်ရိုက် ရွေးတယ်ဆိုတဲ့ဟာမျိူး ကောက်ချက်ချလို့ရပါတယ်’’ လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD၊ ပြည် ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ USDP၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP တို့လို ပြည်မနိုင်ငံရေးပါတီကြီးတွေအပါအဝင် ဒေသခံ ချင်းနိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ ချင်းအမျိုးသား ဒီမို ကရက်တစ်ပါတီ CNDP၊ ချင်းတိုးတက်ရေးပါတီ CPP၊ ချင်းဒီမို ကရေစီအဖွဲ့ချူပ် CLD၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချူပ် ZCD၊ တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးပါတီ ENDP၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးပါတီ နဲ့ ခူမီး(ခမီး)အမျိုးသားပါတီအပြင် ရခိုင်အမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ် စတဲ့ (၅) မြို့နယ်မှာ ရှိတဲ့ မဲဆန္ဒနယ်မြေ အားလုံးကို အနိုင်ရရှိတဲ့အပြင် ကန်ပက်လက်မှာ ၃ နေရာ၊ ထန်တလန်မှာ ၂ နေရာ၊ တွန်းဇံမှာ ၁ နေရာရရှိခဲ့ပြီး၊ ZCD ကတော့ တီးတိန် နှင့် တွန်းဇံမြို့နယ်မှာ ၃ နေရာစီ၊ ကြံ့ခိုင် ရေးပါတီကတော့ ထန်တလန်လန်မှာ ၂ နေရာ၊ ကန်ပက် လက်မှာ ၁ နေရာ၊တီးတိန်မှာ ၂ နေရာ အသီးသီးရရှိခဲ့ပါတယ်။

မင်းတပ်မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုရှိန်းထွန်းကတော့ ချင်းပါတီတွေ အချင်းချင်းစည်းလုံးမှုမရှိဘဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ရွေးကောက်ပွဲ မှာ အခုလို ရှုံးနိမ့်ကြရတာလို့ ပြောပါတယ်။

“ကျနော်တို့ချင်းပါတီအချင်းချင်းတိုက်တာ ပြည်သူတွေရဲ့အမြင်ထဲမှာက ချင်းပါတီအချင်းချင်း မညီညွတ်ဘူး။ မညီညွတ်တဲ့ သဘောမျိူးကိုမြင်လာတယ် ဒီလိုမညီမယ့်အတူတူ NLD ကို မဲပေးမယ်ဆိုတဲ့ တစ်အုပ်စုရှိလာတယ်။ အဓိက ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ စည်းလုံးညီညွတ်မှု မရှိဘူး။ ဒီမိုကရေစီရဲ့အသွင်ကူးပြောင်းရေးလှမ်းနေတဲ့ ပါတီပေါ်လစီ တိတိကျကျ မရှိဘူး။ ပါတီ ပေါ်လစီနဲ့ စည်းရုံးရေးဝင်ရမယ့်ဟာကို သူတို့က လမ်းဘေးက ငါးစိမ်းသည်လို ဟိုလူ့ကို ပုတ်ခတ်ပြော ဒီလူ့ကို ပုတ်ခတ်ပြော၊ ငါးစိမ်းသည်အဆင့်နဲ့ အမတ်လောင်းတွေက အမတ်လောင်းတွေရော ပါတီတွေ ရောထလုပ်နေတဲ့အခါကျတော့ ပြည် သူတွေ စိတ်ပျက်တာပေါ့’’လို့ ပြောပါတယ်။

ချင်းနိုင်ငံရေးပါတီတွေထဲမှာ မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကတော့ ရွေးကောက်ပွဲ ကျင်းပပုံစနစ် နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကလည်း ချင်းပါတီတွေ ရှုံးနိမ့် ရတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“တကယ်တမ်းတော့ ပြည်နယ်ရွေးကောက်ပွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲဟာ သီးသန့် ကျင်းပ သင့်တယ်။ အကုန်လုံးပူး တွဲကျင်းပတော့ တချို့နရာမှာ မဲပြား ၃ ပြားပေးတယ်။ တချို့နေရာမှာ မဲပြား ၄ ပြားပေးတယ်။ အဲဒီဟာက တကယ်တမ်းက သီးခြားစီ ကျင်းပပေးသင့်တယ်။ အမေရိကန် နဲ့ အိန္ဒိယကို ကြည့်မယ်ဆိုရင်လည်း ဒီတိုင်းပဲ သူတို့က ပြည်နယ် နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကို တရက်တည်းနဲ့ တထပ်တည်း မကျင်းပဘူး။ မြန်မာနိုင်ငံကျတော့ တစ်ရက်တည်း နဲ့ ကျင်းပတဲ့ အခါကျတော့ အကုန်လုံးက ရှူပ်ထွေးကုန်တယ်’’လို့ ကျဲအိုဘိခ်ထောင်က ထောက်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကြောင့်လည်းပါသလို ချင်းပါတီတွေရဲ့ အားနည်းချက်ကြောင့်လည်း ပါတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်အဝါပေါ့ဗျာ။ ဒါက အဓိက အချက်ထဲမှာပါမှာပေါ့လေ။ လူတိုင်းက ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ဟာပဲ ဖြစ်နေတယ်။ သူတို့ တန်းမြင်တာက သန်း ၅၀ ကျော် အုပ်ချုပ်လာတဲ့ ဒီအစိုးရကို ဒေါ်အောင်ဆန်းစုကြည်မှာပဲ ပုံအပ်ပြီးတော့ အင်အားတည်ဆောက်ရင် ပြောင်းလဲမယ်ဆိုတဲ့ဟာ ရှိတယ်လေ။ ဘာပဲပြောပြော သူများကိုလက်ညှိထိုးမယ့်အစား ကျနော်တို့ အားနည်းချက်တွေပါ။ ကျနော်တို့က စွမ်းဆောင်နိုင်သလောက် မစွမ်းဆောင်နိုင်တဲ့အပိုင်းလည်း ဖြစ်မှာပါ’’လို့ ကျဲအိုဘိခ်ထောင်က ပြောပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ် CNDP နဲ့ ချင်းတိုးတက်ရေး CPP ပါတီတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေထက်ဝက် နီးပါး ရရှိနိုင်တဲ့အထိ အားကောင်းခဲ့ကြတဲ့ပါတီတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ် နဲ့ ချင်းပြည်နယ်ပြင်ပတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော တစ်ဒါဇင်လောက်ရှိတဲ့ ချင်းနိုင်ငံရေးပါတီတွေအားလုံး မဲဆန္ဒနယ်မြေတစ်နေရာမှ မရကြတဲ့အပေါ် စနစ်တကျပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီး ချင်းပြည်နယ်သူလူထုအနေဖြင့်လည်း သေချာစဉ်းစားဖို့ လိုအပ်နေပြီလို့ ကျဲအိုဘိခ်ထောင်က ပြောပါတယ်။

“ရှုံးနိမ့်ရတဲ့ အကြောင်းရင်းကတော့ များပါတယ်။ ဒါကို ကျနော်တို့ပြန်လည်းသုံးသပ်ပြီးတော့ ဘယ်လို ကျော်လွှားမလဲပေါ့။ ကျနော်တို့ ပါတီတွေဘက်ကလည်း ပြင်ဆင်စရာရှိတာ လိုအပ်လို့ရှိရင် ကျနော် တို့က နေရာဖယ်ပေးရမလား၊ နှုတ်ထွက်ပေး ရမလား၊ ပါတီပဲ ဖျက်သိမ်းပေးရမလား။ ဒါကျနော်တို့ လုပ်လို့ရပါတယ်။ ကျနော်တို့အနေနဲ့လည်း အများကြီးစဉ်းစားသွားမှာပါ။ တဖက်မှာလည်းပဲ လူထု တရပ်လုံးကလည်း အများကြီးစဉ်းစားသင့်ပြီပေါ့ဗျာ။ အထူးသဖြင့် ချင်းပြည်သူလူထုလည်းပဲ နည်းနည်းတော့ စဉ်းစားစရာဖြစ်နေပြီပေါ့ဗျာ။ ကျနော်တို့လူမျိုးက အမျိုးသားရေးစိတ်ဓာတ်က ဘယ်လောက်ထိ ခိုင်မာသလဲပေါ့။ ရှမ်းပါတီတို့ ရခိုင်ပါတီတို့လည်း တစ်ပါတီတည်းပဲရှိတာမှ မဟုတ်တာ သူတို့လည်း အောင်ပွဲရနေတာပဲလေ။ ရှမ်းလူထုက ရှမ်းပါတီကို မဲပေးလို့ ရခိုင်လူထုက ရခိုင်ပါတီကိုမဲပေးလို့ အစိုးရ မပြောင်းလဲတာမှ မဟုတ်တာ အခုလည်း အစိုးရပြောင်းနေတာပဲလေ။ အဲဒီဟာမျိုးလေးတွေကို ဆင်ခြင်တတ်ဖို့လိုအပ်နေပြီ’’လို့ ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောပါတယ်။

ချင်းနိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ မတိုခင်ကာလကတည်းက ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ချင်းမိသားစု နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲကို ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ကြ ပါတယ်။ နောက်ဆုံးကျင်းပတဲ့ တွေ့ဆုံပွဲမှာ “၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ လက်တွဲညှိနှိုင်းဆောင်ရွက်ရေးသဘောတူစာချူပ်’’ကို ချင်းပါတီ ၁၂ အနက် ပါတီ ၁၀ ခုက သဘောတူ ချုပ်ဆိုခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်မှာ လာမည့်လွှတ်တော်/အစိုးရ သက်တမ်း(၂၀၁၆-၂၀၂၀)အတွင်း ချင်းလူမျိုးများအား နိုင်ငံရေးအရ ဦးဆောင်မှုပေးရာတွင် ပါဝင်သင့်သည်ဟု ချင်းမိသားစု နိုင်ငံရေးပါတီ အသီးသီးတို့မှ လက်ခံသဘောတူသော လူပုဂ္ဂိုလ် ၁၂ ဦး(အမျိုးသား ၉ ဦး နှင့် အမျိုးသမီး ၃ ဦး)ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်များဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်မြေအသီးသီးမှာ ချင်းမိသားစုဝင် အခြားပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ အဲဒီပုဂ္ဂိုလ်တွေအောင်နိုင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးပေးရမယ်လို့ သဘောတူညီချက်မှာ ဖော်ပြ ထားပါတယ်။ သဘောတူညီချက်အတိုင်း ချင်းပါတီကြီး တွေ ဖြစ်ကြတဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချူပ် ပါတီတို့ကနေ တစ်ပါတီလျင် ၂ ဦးစီရွေးချယ်ပြီး ဒေသအခြေပြု ပါတီတွေက တစ်ပါတီလျင် (၁)ဦးစီ ရွေးချယ်ခဲ့ကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာ ချင်းပါတီတွေဟာ သူတို့ချုပ်ဆိုထားတဲ့ သဘောတူညီ ချက်တွေကို လိုက်နာမှုမရှိကြတော့ဘဲ ဦးစားပေးပုဂ္ဂိုလ်အဖြစ် အရွေးချယ်ခံရသူတွေ ဝင်ရောက်ယှဉ် ပြိုင်ကြတဲ့ မဲဆန္ဒနယ်မြေအသီးသီးတွေမှာ ချင်းမိသားစုဝင် အခြားပါတီတွေကလည်း ဝင်ရောက်ပြီး အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီလိုမဟုတ် သဘောတူညီ ချက်အတိုင်း ချင်းပါတီတွေ အသီးသီး လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ချင်းပါတီတွေ မဲဆန္ဒနယ်မြေအနည်း အကျဉ်းတော့ အနိုင်ရနိုင်တယ်လို့ ချင်းနိုင်ငံရေး လေ့လာသုံးသပ်တွေကတော့ ပြောဆိုနေကြပါတယ်။

ဆောင်းပါး-ဆလိုင်းရောဘတ်

Most read this week

December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...