ပြောင်းလွယ်ပြင်လွယ်သည့် နိုင်ငံရေးမူဘောင်ကို ရေးဆွဲကြရန် ဝန်ကြီးဦးအောင်မင်း တိုက်တွန်း

ပြောင်းလွယ်ပြင်လွယ်သည့် နိုင်ငံရေးမူဘောင်ကို ရေးဆွဲကြရန် ဝန်ကြီးဦးအောင်မင်း တိုက်တွန်း
caption-UPDJC ဆွေးနွေးပွဲ(MPC)
caption-UPDJC ဆွေးနွေးပွဲ(MPC)
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်များအတိုင်း နိုင်ငံရေး မူဘောင် ရေးဆွဲနေကြရာတွင် နောက် တက်လာမည့် အစိုးရသစ်အဆင်ပြေစေရန်အတွက် ပြောင်းလွယ် ပြင်လွယ်သည့် နိုင်ငံရေး မူဘောင်ကိုသာ ရေးဆွဲကြရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တိုက်တွန်းပြောကြား လိုက်သည်။

နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီအချိန်၌ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့တွင် ပါဝင်ကြသော အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် အစည်းအဝေး တစ်ရပ်ကျင်းပရာ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးအောင်မင်းက “ကျွန်တော်တို့ အားလုံး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲ တွေရှိမှာ ဖြစ်ပါတယ်။ အချိန် အကန့်အသတ်ကလည်း ရှိနေတဲ့အတွက် ဆောင်ရွက်ချက်တွေမှာ အားနည်းတာ၊ မပြည့်စုံတာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ အားလုံး နားလည်မှုတွေ ပေးပြီး လုပ်စေချင်ပါ တယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဘာကိုမှ ပိတ်ထားတာ မရှိပါဘူး။ NCA က အလွယ်တကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ ဒါကိုတော့ ထပ်လောင်းပြီး အသိပေးပါရစေ။ NCA အခြေခံပေါ်မှာ NCA Timeline ကို မဖောက်ဖျက်ဘဲ အများစုလက်ခံနိုင်ပြီး ရှေ့ကို ဆက်သွားနိုင်တဲ့ အခြေအနေမျိုးကို ဝိုင်းဝန်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ မူဘောင်ကိုလည်း ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ဆောင်ရွက်စေ လိုပါတယ်။ ဒါမှ နောင်လာမယ့် အစိုးရအတွက် အဆင်ပြေပါမယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့်အစိုးရတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြရာတွင် အဆိုပါ စာချုပ်ပါ သဘောတူညီချက်များအတိုင်း ရက်ပေါင်း ၃၀ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တို့ကို ဖွဲ့စည်းရန်၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် အပြီးသတ် ရေးဆွဲရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် စသည့် အချက်များကို သဘောတူညီခဲ့ ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “NCA စာချုပ် အကောင်အထည်ဖော်နိုင်ဖို့အတွက် UPDJC ကို ၂၁ ရက်နေ့က ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ NCA စာချုပ်ဟာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရမှာဖြစ်သလို တချိန်တည်းမှာလည်း နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပသွားရမှာဖြစ်ပါတယ်။ဒါကြောင့် အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

ယခုအခါ JMC နှင့် UPDJC တို့ကို အစိုးရ၊လက်နက်ကိုင်၊နိုင်ငံရေးပါတီ၊ စသည့် အစုအဖွဲ့များမှ အချိုးကျ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။

NCA စာချုပ်ပါ သဘောတူညီချက်အရ နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာ ၁၄ ရက်နေ့ထက် နောက်မကျစေဘဲ အပြီး ရေးဆွဲရမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို လာမည့် ဇန်နဝါရီ ၁၄ ရက်နေ့ထက် နောက်မကျစေဘဲ စတင်ကျင်းပရမည်ဖြစ်သည်။

နိုင်ငံရေးမူဘောင်ကို ဇန်နဝါရီ ၁၄ ရက်နေ့ထက် နောက်မကျဘဲ အပြီးရေးဆွဲနိုင်ရန်အတွက် (၁) နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်ဦးရေ(စုစုပေါင်း)၊ (၂) ပါဝင်သူများ၏ အချိုးအစား၊ (၃)ဆွေးနွေးမည့် Agenda များ နှင့်(၄) ဆွေးနွေးရေး စည်းမျဉ်းစည်းကမ်းများ၊(၅) ဆုံးဖြတ်ချက်ရမည့် စည်းကမ်း၊နည်းလမ်းများကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံရေးမူဘောင်ကို စတင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အကြံပြု တိုက်တွန်းပြောကြားခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...