ရခိုင်ပြည်နယ်အတွင်း အထူး ရှာဖွေ စစ်ဆေးမှုများပြုလုပ်

ရခိုင်ပြည်နယ်အတွင်း အထူး ရှာဖွေ စစ်ဆေးမှုများပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အတွင်း အထူးရှာဖွေ စစ်ဆေးမှုကို အာဏာပိုင်များက နိုဝင်ဘာ ၁၉ ရက်နေ့တွင်  ပြုလုပ်ခဲ့ပြီး ထိုသို့ ပြုလုပ်ရာ၌ သတင်းမီဒီယာသမားများကို ဖိတ်ခေါ်ကာ ပြသခဲ့ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိရဥ္စရာ လက်ထောက် အယ်ဒီတာ ဦးစံမောင်သန်းက ပြောသည်။

“စစ်ဆေးတာက စစ်တွေမြို့ပြင် ကျောက်တန်းဂိတ်မှာပါ။ ရန်ကုန်နဲ့ စစ်တွေ ကားလမ်းပေါ်က ကားတွေ အကုန်လုံးကို စစ်ဆေးပါတယ်။ မိုင်းရှာ ကရိယာတွေနဲ့ ရှာဖွေသလို အနံ့ခံ ခွေးတွေနဲ့လည်း ကားပေါ်မှာ ပါလာတဲ့  ပစ္စည်းတွေ အကုန်လုံးကို ရှာဖွေ စစ်ဆေးတာကို တွေ့ရပါတယ်။ လူတွေကိုလည်း ကားပေါ်က ဆင်းခိုင်းပြီး ရှာဖွေမှုတွေ လုပ်ပါတယ်”ဟု သူက ပြောသည်။

ယင်းစစ်ဆေးမှုကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရဲမှူးကြီးများက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ပေါင်း အင်အား ၃၀ ခန့်ပါဝင်သည်ဟု သိရသည်။

မီဒီယာများကို ခေါ်ယူပြသရခြင်းနှင့် ပတ်သက်ပြီး စစ်တွေခရိုင် ရဲမှူးကြီးက “အဓိကတော့ လုံခြုံရေး၊ လူမှောင်ခို နှိမ်နှင်းရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေးတို့အတွက် ပြုလုပ်ဖြစ်ပါတယ်။ ဒီလို လုံခြုံရေး ဆောင်ရွက်နေတာကို အများပြည်သူတွေ သိရှိစေလိုတဲ့အတွက် မီဒီယာတွေကို ဖိတ်ခေါ်ရတာ ဖြစ်ပါတယ်”ဟု ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်ပြီး စစ်ဆေးရှာဖွေမှု တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲမှူးကြီး နေမျိုးသို့ ဆက်သွယ်မေးမြန်းရာ ရွေးကောက်ပွဲအလွန် အဖျက်အမှောက်များ မဖြစ်ပေါ်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ခုလို ရှာဖွေ စစ်ဆေးမှုတွေကို စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်ရှိ မြို့အဝင် ဂိတ်တွေ၊ ကားကိတ်တွေမှာ ပြုလုပ် တာ ဖြစ်ပါတယ်။ စစ်တွေမြို့အဝင် ကျောက်တန်းဂိတ်၊ ကျောက်တော်မှာ လည်း အဲဒီအတိုင်းပါဘဲ။ အမ်းတို့မှာလည်း ပူးပေါင်းဂိတ်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ လုပ်ပါတယ်။ အဓိကတော့ ရွေးကောက်ပွဲ အလွန်မှာ အဖျက်အမှောက်တွေ မဖြစ်ပေါ်ရအောင် ဆောင်ရွက်တာပါပဲ”ဟု ရဲမှူးကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဗုံးခွဲရန် အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်နေသော သတင်းကြောင့် ယခုလို ရှာဖွေမှုတွေ ပြုလုပ်နေကြောင်း ဒေသခံများအကြား သတင်းများဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ရဲမှူး နေမျိုးက “ဟိုဘက်တွေမှာလည်း အခု ပြင်သစ်မှာ ဖြစ်တဲ့ ပစ်ခတ်မှုတွေ၊ IS နဲ့ ဖြစ်နေတာတွေလည်း ကြားမှာပေါ့။ ပြင်သစ်တို့ အဲဒါမျိုးတွေကို ဖြစ်နေတဲ့အတွက် ဒီဘက်မှာလည်း လုံခြုံရေး တိုးမြှင့်လုပ်တာ ဖြစ်တယ်။ ကမ္ဘာဖြစ်နေတဲ့ အနေအထားနဲ့ ဒီမှာ ဖြစ်နေတာနဲ့ပိုပြီး သေချာအောင် လုပ်တဲ့သဘောပါ” ဟု ပြောဆိုသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...