ရွေးကောက်ပွဲကြီး ပြီးသွားတော့လည်း ထုံးစံအတိုင်း အနိုင်ရတဲ့သူက နိုင်၊ ရှုံးတဲ့သူက ရှုံးပေါ့ဗျာ။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် ပဲလေ။ ထွေထွေထူးထူးတော့ မပြောတော့ပါဘူး။ သို့သော်လည်းပဲ တော်တော်လေး အံ့အားသင့်စေတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဒီရွေးကောက်ပွဲ မှာ တော်တော်လေးကို အပြတ်အသက်အနိုင်ရခဲ့တာကတော့ နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေ တောင် ဩချရပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား နယ်မြေတွေမှာကို တိုင်းရင်းသား ပါတီတွေ ရှုံးနိမ့်ပြီးတော့ ဒီပြည်မပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က နေရာ အများစုမှာ အနိုင်ရခဲ့လို့ပါ။
ဒါမျိုးဟာ ပြည်တွင်းရွေးကောက်ပွဲသမိုင်းမှာတော့ မတွေ့ဘူးသေးတဲ့ အတွေ့အကြုံ တစ်ခုပါပဲ။ အခုရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေးထားတဲ့ အမတ်ခွဲတမ်းကို ပြောရမယ်ဆိုရင် ပြည်မလို့ ခေါ်ကြတဲ့ တိုင်းဒေသကြီးတွေမှာ (၄၄)ရာခိုင်နှုန်း (၂၉၁) နေရာနဲ့ တိုင်းရင်းသား နယ်မြေ တွေဖြစ်တဲ့ ပြည်နယ်တွေက(၃၁) ရာခိုင်နှုန်း(၂၀၇) နေ ရာတို့ဖြစ်ပါတယ်။ ဒီတော့ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို ဖယ်လိုက်မယ်ဆိုရင်(၆၆၄) နေရာထဲက တပ်မတော်သား ကိုယ်စားလှယ်(၁၆၆)နေရာ နုတ်လိုက်ရင် (၄၉၈)နေရာ ကျန်ပါတယ်။
ဒါကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေက နိုင်ငံရေးပါတီတစ်ခုတည်းက အစိုးရဖွဲ့ချင်တယ်ဆိုရင် အမတ်နေရာတွေရဲ့ (၅၀) ရာခိုင်နှုန်းကျော် ဖြစ်တဲ့အမတ်နေရာ (၃၃၃) အကျော်အနိုင်ရမှဖြစ်မှာပါ။ လက်ရှိအနေအထားအရအင်အားကြီးပါတီ လို့ပြော နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပဲဖြစ်ဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ပဲ ဖြစ်ဖြစ်အဲဒီလို (၅၀) ရာခိုင်နှုန်း အကျော်အနိုင်ရဖို့ဆိုတာက တော်တော်ကြီးကို ခက်ခဲလွန်းတယ်လို့သုံးသပ်ထားတာပါ။
သို့သော်လည်းပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အံအားသင့်စရာကောင်းလောက်အောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြည်မမှာ သိသိသာသာကြီး အမတ်အများဆုံး အနိုင်ရခဲ့သလို တိုင်းရင်းသားနယ်မြေတွေ အများစုမှာလည်း တော်တော်လေး အနိုင်ရထားတာ တွေ့ရပါတယ်။ ဘာပဲပြောပြောပေါ့လေ။ ဒါကတော့ တော်တော်လေးခက်ခဲတဲ့အလုပ်ကို သူတို့လုပ်ပြနိုင်ခဲ့တာဖြစ်ပါ တယ်။
ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာ (၆၆၄)နေရာ ရှိတယ်ဆိုပေမယ့် ဒီ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ နယ်မြေအနေအထား မတည်ငြိမ်မှုအရ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်(၇) မြို့နယ် ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီက အမတ် နေရာပြည်သူ့လွှတ်တော်က အမတ်နေရာ(၄၃၃) နေရာနဲ့ အမျိုးသားလွှတ်တော်မှာက အမတ်နေရာ (၁၆၈)နေရာတို့ဖြစ်ပြီးတော့ စုပေါင်း ပြည်ထောင်စုလွှတ်တော်မှာက အမတ်နေရာ (၆၇၅)နေရာရှိပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီက အမတ်နေရာ (၃၂၉)နေရာဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် အမတ်နေရာရဲ့ ထက်ဝက်ကျော် အနိုင်ရတဲ့ပါတီက အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
ဒီတော့ အခုရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD)က အစိုးရဖွဲ့ခွင့်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲလေ။ သူက ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ရဲ့ ထက်ဝက်ကျော်ကို အနိုင်ရရှိထားလို့ ဖြစ်ပါတယ်။
အဲဒီတော့ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပြန်ပြီး လေ့လာကြည့်ရမယ် ဆိုရင် သူတို့က တော်တော်များ သိထားတဲ့ အတိုင်းပါပဲ။ ၁၉၉၀ပြည့်နှစ် မေလ(၂၇)ရက်က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ မှာလည်း တစ်နိုင်ငံလုံး အပြတ်အသတ်အနိုင်ရခဲ့တဲ့ပါတီပါ။
အဲဒီအချိန်က နဝတ စစ်အစိုးရက အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကတော့ တစ်ပိုင်းပေါ့ဗျာ။ အဲဒီ နောက်ပိုင်းမှာ ရွေးကောက်ပွဲတွေ မကျင်းပဖြစ်ခဲ့ဘူးပေါ့လေ။ ၂၀၁၀ ခုနှစ် ရောက်မှသာ အထွေထွေရွေးကောက်ပွဲကျင်းပပြီးတော့ အခု အရပ်ဝတ်အစိုးရလို့ အမည်ခံထားတဲ့ ဦးသိန်းစိန်အစိုးရ ဖြစ်လာတာပေါ့ဗျာ။
အဲဒီ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မှာလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပါတီဥက္က်ဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုဖမ်း ဆီးခံထားရတာကြောင့်ရွေးကောက်ပွဲမှာ ဝင် မပြိုင်ခဲ့ကြပါဘူး ။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ် ချုပ်ကလွတ်လာပြီး ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှသာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ပါ။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က (၄၂) နေရာပြိုင်တာမှာတစ်နေရာပဲ ရှုံးပြီး (၄၁) နေရာကို ထောက်ခံမဲအပြတ်အသက် နဲ့အနိုင်ရခဲ့တာပါ ။
အခု ၂၀၁၅ အထွေထွေရွေးကောက် ပွဲမှာအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ကိုရွေးကောက်ပွဲ ကတိကဝတ်တွေ ပြန်ပြီးလေ့လာမယ်ဆိုရင်တော့၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုပဲရှိပါတယ်။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲ ကတိကဝတ်အနေနဲ့ သုံးချက်ပဲ အာမခံပြီး ဝင်ပြိုင်ခဲ့တာပါ။
အဲဒါတွေက သီကာပတ်ကုံးတော့ မပြောတက်တော့ပါဘူး။ သို့ပေမယ့် သူတို့ပေးခဲ့တဲ့ ကတိကဝတ် တွေက သူတို့အနိုင်ရရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်။ နောက်ပြီးတော့ တရားဥပဒေ စိုးမိုးမှုရှိရမယ် ဆိုတာနဲ့နောက်ဆုံးတစ်ချက်ကတော့အခြေခံ လူ့အခွင့်အရေးတွေ ရရှိရမယ်ဆိုတာတွေ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ လွှတ်တော်ထဲ ရောက်သွား တော့ သူတို့ပေးထားတဲ့ ကတိကဝတ်တွေကို တစ်ခုမှ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒီလိုပါပဲ လက်တွေ့မှာလည်းတစ်ခုမှ အကောင်အထည်မဖော်နိုင်တာတွေ့ရပါတယ်။
ဒါကလည်း ၂၀၁၀ မှာ အနိုင်ရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော် ထဲမှာ အမတ်အင်အားတောင့်တင်း နေတာရယ်ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိ နေတာကတစ်ကြောင်းနဲ့ ပါတီဥက္က်ဋ္ဌ ကိုယ်တိုင်က သာမန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေပြီးတော့လွှတ်တော် ရဲ့ ကော်မတီလေး တွေမှာကော်မတီဥက္က်ဋ္ဌရာထူးတွေ ပေးလိုက်တော့ ကော်မတီအလုပ်တွေနဲ့ အလုပ်ရှုပ်နေ တာကတစ်ကြောင်းကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေပေးထားတဲ့ ကတိကဝတ်တွေမကျေပွန်ခဲ့တာကတော့ လည်း ငြင်းလို့ မရပါဘူး။ ဒါပေမယ့် အဲဒါတွေက ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနဲ့ အစိုးရ သက်တမ်းမှာဆိုတော့ ထွေထွေထူးထူးတော့ မပြောလိုတော့ပါဘူး။
အခုပြောရမှာ၊ ကြည့်ရမှာကအခုအနိုင် ရထားတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာပေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ရွေးကောက်ပွဲဝင် ကတိကဝတ် တွေဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ ရွေးကောက်ပွဲအောင်နိုင်ရင်ပြည်သူတွေကိုလုပ်ပေးမယ် ဆိုတဲ့ခေါင်းစဉ်ကြီးတွေနဲ့ ကတိကဝတ်တွေ ပြုထားတဲ့အချက်တွေ ရှိပါတယ်။
ခေါင်းစဉ်ကြီးတွေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေကလည်း တော်တော်လေးကောင်း ပြီးတော့ ပြည်သူတွေအတွက် လိုအပ်တဲ့ အချက်တွေလို့တော့ မြင်မိပါတယ်။ အဲဒါတွေကတိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲ နေထိုင်ရေးကို အာမခံချက်ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ထွန်းရေးတို့ကို ထိပ်ဆုံးက ကတိပေးထားပါတယ်။
နောက်ပြီးတော့ ပြည်သူလူထုအား တရားမျှတာစွာ အကာအကွယ်ပေးမယ့် အုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေး၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီးတော့ သူအောက်မှာ ခေါ်စဉ်ခွဲတွေနဲ့ စီးပွားရေး၊ တောင်သူလယ်သမား၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ အလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး၊အမျိုးသမီး၊ လူငယ်၊ ဆက်သွယ်ရေး၊သယ်ယူပို့ဆောင် ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုပြီး ကတိကဝတ်တွေကို သီကာပတ်ကုံးပေးထားပါတယ်။
ဒီကတိကဝတ်တွေထဲမှာ တိုင်းရင်းသား အရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလို့တော့ ပါလာတဲ့အတွက် ဝမ်းသာမိပါတယ်။ အဲဒီတိုင်းရင်း သားအရေးမှာဆိုရင် သူတို့က သီးသန့်ထပ်ရှင်း ပြထားတာတွေ ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စ တမ်း သွေးစည်းညီညွှတ်မှုနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် ဦးတည်ဆောင်ရွက်မယ်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ်တွေရဲ့ အရင်းအမြစ်တွေကို ဖယ်ရှားဖို့အတွက် အာဏာတကင်းစင်ပြီး ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် ပြည်သူ့ဘဝ လုံခြုံအေးချမ်း စေရမယ်။ လွတ်လပ်ခြင်း၊ တူညီတဲ့အခွင့်အရေးရရှိခြင်းနဲ့ ကိုယ်ကြမ္မာ်ကိုယ်ဖန်တီးခွင့်ရရှိခြင်းတို့နဲ့ ပြည်စုံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးတည်ဆောက်ရွက်မယ်လို့ ကတိပေးထားပါတယ်။
တိုင်းရင်းသား ပြည်သူတွေအတွက် ဒီအချက်ကတော့တော်တော်လေးကို အားရစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ အဲဒါတွေအပြင် ပြည်ထောင်စုဝင်ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့ ပွင့်လင်းမြင်သာတဲ့ စီမံချက်တွေ ချမှတ်ဆောင်ရွက်မယ်။ သဘာဝအရ အရင်းအမြစ်တွေ ထုတ်ယူရာမှာလည်း ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ အညီ ဒေသအလိုက်မျှတစွာ ခွဲဝေခံစားခွင့် ရရှိစေရမယ်။ တိုင်းရင်းသားတွေသည် အချင်းချင်း ဖြစ်ပေါ် နေတဲ့ အပြန်အလှန်လေးစားမှုနဲ့ စားပွဲဝိုင်းမှာ အဖြေရှာမယ်လို့ပါ အာမခံထားတာတွေ့ရပါတယ်။
ဒီလိုပါပဲ။ အခြားခေါင်းစဉ်ကြီးတွေမှာလည်း အောက်မှာသေချာအသေးစိတ်ကို ရှင်းပြပြီး ပြည်သူတွေကို ကတိကဝတ်ပြုထားတာတွေ တွေ့ရပါတယ်။ ကတိကဝတ်တွေက တော်တော်လေးကို ထိရောက်တယ်လို့ ပြောနိုင်သလို ရှင်းပြချက်တွေမှာလည်း တော်တော်ကို ထင်သာမြင်သာရှိတယ်လို့ ပြောလို့ရပါတယ်။
ဒီနေရာမှာ ပြောချင်တာကတော့ ကတိ ကဝတ်တွေမှာ တိုင်းရင်းသားတွေအတွက် သီးသန့် ကတိကဝတ်ပြုထားတာတွေ ရှိသလို သီးသန့်ရှင်းပြထားတာတွေလည်းရှိပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လက်ခံအတွက် တိုင်းရင်းသားတွေဖက်က တော်တော်လေးပြောနေ၊ ဆိုနေခဲ့ရတဲ့ ဖက်ဒရယ်အရေးတို့၊ တိုင်းရင်းသားတန်းတူအရေးတို့၊ သဘာဝသယံဇာတခွဲဝေမှုတို့၊ ပြည်နယ်၊ ပြည်မတန်းတူညီမျှ ထိန်းကြောင်းရေးတို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တော်တော်လေး ပြည့်ပြည့်စုံစုံဖော်ပြထားတာ တွေ့ရပါတယ်။
အခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူတွေကို ကတိကဝတ်ပြုရာမှာတိုင်းရင်းသားပြည်သူတွေအတွက် တော်တော်လေးကို စဉ်းစားထည့်သွင်းထားတာတွေ့ရတဲ့ အတွက်တော့ တော်တော်လေးပီတိဖြစ်မိပါတယ်။ ဒါကြောင့် လည်းပဲ ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားနယ်မြေတွေမှာ ပါအနိုင်ရတယ်လို့လည်း ယူဆမိပါတယ်။
သို့သော် ပြန်ပြီးကြည့်ရမှာက ဒါဟာ ကတိကဝတ်ပဲရှိပါသေးတယ်။ ဒါတွေကို မတိုင်ခင်မှာ သူတို့ လုပ်ရမှာတွေက အားလုံးသိ ကြတဲ့အတိုင်းပါပဲ။ တော်တော်လေးရှိပါသေးတယ်။ အစိုးရဖွဲ့ဖို့အတွက် ပြင်ဆင်ရမယ်။ လွှတ်တော်သက်တမ်းပြန်လည်စတင်ဖို့ အ တွက်လုပ်ရဦးမယ်။ အရင်အစိုးရ သက်တမ်းက လက်ကျန်တွေကို အပြီး လုပ်သင့်တာလုပ်၊ ရပ်သင့်တာ ရပ်စတာတွေနဲ့ တော်တော်လေးကို လုပ်ရဦးမှာပါ။
တစ်ဖက်မှာ ကြည့်ရမှာကလည်း ရွေးကောက်ပွဲမှာသူပေးထားတဲ့ ကတိကဝတ်တွေကို သူတကယ်လုပ်နိုင်ပါ့မလား ဆိုတာပါပဲ။ သူပေးထားတဲ့ ကတိကဝတ်တွေဟာ တော်တော်လေးကို ထိထိရောက်ရောက်ရှိ သိလိုဖော်ဆောင်ဖို့အတွက်လည်း တော်တော်လေး ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့် ဒီကတိကဝတ်တွေက ကတိကဝတ်ပဲဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။
ရွေးကောက်ပွဲမှာပြည်သူတွေကို အလို လိုက်အကြိုက်ဆောင်ယုံ ကတိကဝတ်တွေ မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒီလိုမဖြစ်အောင်လည်း ပြည်သူတွေမှာ တာဝန်တွေရှိပါတယ်။ ပြည်သူတွေ အနေနဲ့က ရွေးကောက်ပွဲ မှာအနိုင်ရပါတီကပေးထားတဲ့ ကတိကဝတ်တွေကို ရွေးကောက်ပွဲ ကာလမှာသာ မဟုတ်ဘဲ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ပြီး အလုပ်လုပ်သည်အထိ မှတ်သားထားဖို့ လိုပါတယ်။
ရွေးကောက်ပွဲမှာတုန်းက ဘာတွေတော့ပြည်သူတွေ ပြောခဲ့တယ်။ လုပ်ပေးမယ်လို့ကတိပေး ခဲ့တယ်ဆိုတာ ကောင်းကောင်းကြီး သိနေဖို့၊ မှတ်မိနေဖို့က ပြည်သူတွေရဲ့တာဝန်တွေ ဖြစ်ပါတယ်။
ဒီလိုမှတ်သားထားမှ၊ သိနေမှသာသူတို့တွေက ပြည်သူတွေကိုပေးထားတဲ့ ကတိကဝတ်တွေထဲက ဘာတွေတော့ လုပ်ပေးပြီးပြီ။ ဘာတွေတော့ မလုပ်ရသေးဘူးဆိုတာ စောင့်ကြည့်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စောင့်ကြည့်လေ့လာတာနဲ့အတူတူ ကတိတွေ သီကာပတ်ကုံးပေးပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေရင်၊ တွန့်တိုနေရင် ဘာတွေတော့ ကတိပေးပြီး မလုပ်ရသေးဘူးဆိုတာ သတိပေးလိုက်ပါ။ သတိပေးလို့မှ မသိချင်ဟန်ဆောင်နေရင်တောင်းဆိုပါ။
အခုပြောချင်တာကတော့ ရွေးကောက်ပွဲမှာ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(NLD) ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရင်လုပ်ပေးပါမယ်လို့ ပြည်သူတွေကို ကတိကဝတ်ပြုထားတာ တွေကို (NLD) လွှတ်တော်ကိုယ်စားလှယ်တွေလုံးဝမမေ့ပါနဲ့။ အဲလိုပါပဲ ပြည်သူတွေလည်း ဘယ်တော့ မှ မမေ့ပါနဲ့ စောင့်ကြည့်လေ့လာပြီးတော့ (NLD) ကတိအတိုင်း တာဝန်မကျေပွန်ရင်တော့ တောင်းဆို ပါလို့ သတိပေးလိုက်ရင်း ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ ကတိကဝတ်တွေ ကျေပွန် ပါစေ လို့သာ ဆုတောင်းလိုက်ပါရစေ။







