စုန်းကဝေအတတ်ဖြင့် ပြုစားသည်ဟုဆိုကာ အိမ်ကိုဖြိုပြီး မိသားစုကို နှင်ထုတ်မှု ပေါက်တောမြို့နယ်တွင် ဖြစ်ပွား

စုန်းကဝေအတတ်ဖြင့် ပြုစားသည်ဟုဆိုကာ အိမ်ကိုဖြိုပြီး မိသားစုကို နှင်ထုတ်မှု ပေါက်တောမြို့နယ်တွင် ဖြစ်ပွား
by -
နိရဥ္စရာ
စုန်း၊ တစ္ဆေမွေးစားပြီး ကျေးရွာသားများကို ပြုစားသည်ဟုဆိုကာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဗျိုင်းသစ်အုပ်စု၊ ငရွီချိုင်ကျေးရွာမှ မိသားစု တစ်စု၏ အိမ်ကို ရွာသားများက ဝိုင်းဝန်း ဖြိုဖျက်ပြီး ၎င်းမိသားစုကို ရွာမှ နှင်ထုတ်လိုက်ကြသည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငရွှီချိုင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်မေးမြန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူး စစ်တွေသို့ ရောက်ရှိနေသဖြင့် အသက် (၆၄) ရှိဖြစ်သော ကျေးရွာလူကြီး တစ်ဦးက ဖုန်းကိုင်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုလို နိရဥ္စရာသို့ ပြောဆိုသည်။

“ဟုတ်ပါတယ်။ ရွာသားတွေက အဲဒီအိမ်ကို ဖြိုဖျက်ပြီး နှင်ထုတ်လိုက်ကြတယ်။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူက စုန်း၊ကဝေ အတတ်ပညာတွေနဲ့ ရွာသားတွေကို ပြုစားတယ်။ ဒါကိုလည်း တစ်ခြား ဆရာကြီးတွေကလည်း ပြောကြတယ်။ အဲသလို ပြုစားတဲ့ အတွက် ကျွန်တော်တို့ရွာမှာ မိန်းမ တစ်ဆယ်ကျော် ရူးသလိုလိုနဲ့ ရောဂါ အမျိုးမျိုးခံစားနေကြရတယ်။ စစ်တွေဆေးရုံကို သွားပြရင် ဘာရောဂါမှန်း မသိဘူးလို့ ပြောကြတယ်။ ဒါကြောင့် ရွာသားတွေ စုပေါင်းပြီး တန်ဆောင်မုန်းလဆန်း နှစ်ရက်နေ့က နှင်ထုတ် လိုက်တာပါ”ဟု ပြောဆိုသည်။

စုန်းကဝေ အတတ်ဖြင့် ပြုစားသည်ဟု စွပ်စွဲခံရသူမှာ ဦးမောင်ဦးကျော် (၅၇) နှစ် ဖြစ်ပြီး မိသားစု ၄ ဦးနှင့် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က အေးအေးဆေးဆေးနေတာပါ။ အရက်လည်း မသောက် ဘုရား၊ တရားနဲ့ နေတဲ့သူ ဖြစ်ပါတယ်။ သူတို့ စွပ်စွဲသလို စုန်း၊ တစ္ဆေလည်း မမွေးစားပါဘူး။ လူတွေကိုလည်း မပြုစားပါဘူး။ အလိုလို ကျွန်တော်ကို စွပ်စွဲပြီး ခုလို နိုင်ထက် စီးနှင်းလုပ်တာပါ”ဟု ဦးမောင်ဦးကျော်အား နိရဥ္စရာက မေးမြန်းစဉ် ပြောဆိုသည်။

အခင်းဖြစ်ပွားသည့်နေ့က ၎င်းမှာ သမီးဖြစ်သူ ခုနှစ်တန်းကျောင်းသူ ကျောင်းဆရာကြီးအိမ်သို့ သွားရောက်နေစဉ် ရွာသားများက တုတ်ဓါးများ ကိုင်ဆောင်ပြီး သူတို့နေအိမ်ထဲသို့ ဝင်လာကာ သူ့ဇနီးအား ရိုက်ပုတ်မှုများ ပြုလုပ်ပြီး အိမ်ကို ဖြိုဖျက်ကြကြောင်း၊ မိန်းမ ဖြစ်သူမှာ ထွက်ပြေးလာပြီး သူ့အား အကြောင်းကြားကြောင်း၊ ရွာသားများအား တောင်းပန်သော်လည်း မရကြောင်း၊ ယောက္ခမ အမဖြစ်သူအားလည်း တစ်ခြား ရွာမှ ဆွေမျိုးတော်စပ်သူ အဒေါ်တစ်ဦးက အိမ်ထဲမှ ဆွဲထုတ်ခဲ့ ရကြောင်း၊ ညတွင်းချင်း ရွာမှ ထွက်ပြေးလာရကြောင်း ဦးမောင်ဦးကျော်က ဆက်လက် ပြောကြားသည်။

ကျေးရွာလူကြီးကမူ ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကားမှု မရှိကြောင်း၊ ရွာမှာ မနေစေလို၍ အိမ်ကို ဖြိုခြင်းသာ ဖြစ်ကြောင်း၊ ထိုသို့ အိမ်ကို မဖြိုဖျက်မီကလည်း သူတို့မိသားစုအား ကျေးရွာမှ ထွက်သွားရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့သော်မလိုက်နာသဖြင့် ယခုလို အိမ်ကို ဖြိုဖျက် ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးမောင်ဦးကျော်မှ ပေါက်တောမြို့နယ် ရဲစခန်းသို့ တိုင်ကြားရာ ယနေ့ သတင်းရေးသား တင်ပြချိန် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်တွင် မြို့နယ်မှူးကိုယ်တိုင် ငရွှီချိုင် ကျေးရွာသို့ ၎င်းအမှုကို စစ်ဆေးရန် စက်လှေဖြင့် သွားနေသည်ဟု ဦးမောင်ဦးကျော်က ပြောဆိုသည်။

ဦးမောင်ဦးကျော်တို့ မိသားစုမှာ ယင်းရွာသို့ ပြောင်းရွှေ့ အခြေချနေထိုင်သည်မှာ နှစ်ပေါင်း တစ်ဆယ်ကျော်ရှိပြီဟု သိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...