စုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှုကို ယနေ့ နံနက် ရ နာရီခွဲ အချိန်တွင် တက္ကသိုလ် ကျောင်းဝင်းထဲတွင် ပထမ အကြိမ်အဖြစ် ပြုလုပ်ခဲ့ကြပြီး ၊ နံနက် ၉ နာရီခွဲခန့်တွင် ဝင်္ကဘာကွင်း၊ ဘုရားကြီး သိမ်ပတ်ဝန်းကျင်နှင့် အနီးအနားရှိ ဘုန်းတော်ကြီးကျောင်း တစ်ချို့တွင် ဒုတိယ တစ်ကြိမ် အဖြစ် ပြုလုပ်ခဲ့ကြသည်။
“အခုပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကို ဘယ်လို ထိန်းသိမ်းမှာလဲ၊ ဘယ်လို သန့်ရှင်းအောင် လုပ်မလဲ ဆိုတာကို အများက သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ် တာဖြစ်ပါတယ်”ဟု ဦးဆောင်ပြုလုပ်သူ မြန်မာစာ တတိယနှစ် ကျောင်းသား မောင်သိန်းဌေးနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယခုကဲ့သို့ စုပေါင်း သန့်ရှင်းရေး လူပ်ရှားမှု ပြုလုပ်ရခြင်းမှာ အဝေးသင်ကျောင်းတက်နေကြသော ရခိုင်တစ်ပြည်နယ်လုံး မှ ကျောင်းသူကျောင်းသားများအကြား အချင်းချင်း ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်သည်ဟု သူက ပြောဆိုသည်။
၎င်းအပြင် ယခုကဲ့သို့ သန့်ရှင်းရေးလုပ်ခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ယိုင်းပင်းကူညီမှုအကျိုးကို ရရှိစေသည့်အပြင် အမှိုက်၏ ဆိုးကျိုး၊ ပလက်စတစ်များဆိုးကျိုးများကို ကျောင်းသူကျောင်းသားများ သိရှိနားလည်သဘောပေါက်နိုင်သည်ဟု ဆိုသည်။
“ကျွန်မသန့်ရှင်းရေးပြုလုပ်ရတာကတော့ စစ်တွေမြို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ ကျောင်းသားတွေအချင်းချင်း တစ်စုတစ်ဝန်းတည်း နှုတ်ဆက်ချင်တဲ့ အနေအထားလည်း ပါပါတယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အကြောင်းပြုပြီးတော့ ကျောင်းသူကျောင်းသားတွေ အတွက် စည်းလုံးမှု တည်ဆောက်တာရယ်။ ဘယ်လောက်ထိ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချင်ခင်ခင်နေကြတယ် ဆိုတာကို ပြသချင်တဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု မာန်အောင်မြို့မှ မြန်မာ စာ နောက်ဆုံးနှစ် ကျောင်းသူ မတင်မိုးနွယ်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
မြန်မာစာ တတိယနှစ်ကျောင်းသူ မမအေးစိုးကလည်း “ရခိုင်ပြည်နယ်ကို တိုးတက်ပြောင်းလဲစေချင်တဲ့ စိတ်စေတနာနဲ့ လာလုပ်ရခြင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တိုးတက်ပြောင်းလဲဖို့အတွက်ဆိုရင် ကိုယ်ကိုယ်တိုင်က ကောင်းဖို့ လိုအပ်ပါတယ်။ အဲဒီဟာကို သက်သေပြချင်တဲ့အတွက် အားလုံး စုပေါင်းပြီးတော့ အမှိုက်လာကောက်ရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ ပြုလုပ်သော သန့်ရှင်းရေး လူပ်ရှားမှုပွဲသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ဘာသာစုံ အတန်းစုံ ကျောင်းသူ ကျောင်းသား ၃ဝဝ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။
ကျောင်းသူ ကျောင်းသားများ၏ စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုသို့ ထောက်ခံအားပေးသည့်အနေဖြင့် ကျောင်းသူကျောင်းသားများကို ရခိုင်အဆိုတော် ကိုတူတူချေမှ အအေးနှင့် ကံမြင့်ထူး မိတ္တူဆိုင်က ရေသန့်နှင့် မုန့်များကို လှူဒါန်းခဲ့သည်ဟု သိရသည်။







