ABSDF တောတွင်းပြန် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦး ရွေးကောက်ပွဲတွင် ပထမဆုံး အနိုင်ရ

ABSDF တောတွင်းပြန် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦး ရွေးကောက်ပွဲတွင် ပထမဆုံး အနိုင်ရ
by -
နိရဥ္စရာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ရခိုင်စစ်ဒေသ)၊ ၉၀၁ တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သော ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဦးဦးသန်းနိုင်သည် နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရရှိခဲ့သည်။

“အဓိကတော့ ရသေ့တောင်က ကျွန်တော်ရဲ့ ဇာတိမြေဖြစ်တယ်။ ဒီမြို့နယ်မှာ ကျွန်တော်အနေနဲ့  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကျွန်တော် နိုင်သလောက် လုပ်ဆောင်ပေးထားတာရှိတယ်။ ကျွန်တော်ဟာ ဘယ်လို လူမျိုး ဖြစ်တယ်။ ဒေသအတွက် အကျိုးပြုမယ့်သူလား၊ ဒေသကို အကျိုး ယုတ်အောင် လုပ်မယ့်သူလား ဆိုတာကို ဒေသခံ ပြည်သူတွေ အားလုံးက သိပါတယ်။ ဒီအတွက် ရသေ့တောင်မြို့နယ်သူ မြို့နယ်သားတွေက တစ်ခဲနက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်”ဟု ဦးဦးသန်းနိုင်က နိရဥ္စရာသို့ ပြောဆိုသည်။

ရသေ့တောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဦးဦးသန်းနိုင်သည် ၁၉၈၈ က ကောလိပ် ဒုတိယနှစ် ရုက္ခဗေဒ အဓိကဖြင့် စစ်တွေ ကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ယင်းနှစ်တွင် ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံအတွင်း ရသေ့တောင်မြို့နယ် ကျောင်းသားသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၈၈ အရေးအခင်းပြီးနောက် ဘင်္ဂလာဒေ့ရှ် နယ်စပ်သို့  ရခိုင်ကျောင်းသား လူငယ်အများအပြား တောခိုခဲ့ရာ ထ်ိုအထဲတွင် ဦးဦးသန်းနိုင်လည်း ပါဝင်ခဲ့သည်။ ၎င်းနောက်ပိုင်းတွင် သူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် (ရခိုင်စစ်ဒေသ)-  ABSDF ( Arakan) တွင် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်လာပြီး ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်လာခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ယင်းအချိန်က နဝတ စစ်အစိုးရမှ ကျောင်းသားများကို ပြန်လာကြရန် ဖိတ်ခေါ်ခဲ့ရာ ဦးဦးသန်းနိုင်လည်း အခြားကျောင်းသား အများအပြားနှင့်အတူ ပြည်တော်ပြန်သွားခဲ့သည်။ ပြည်ထဲ ပြန်ရောက်ပြီးနောက် ဆက်လက် ပညာသင်ကြားခဲ့ရာ BSC (Botany) အဓိကဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။

၂၀၁၃ ခုနှစ် ကျောက်ဖြူမြို့တွင် ဖွဲ့စည်းသော ၈၈ ကျောင်းသားဟောင်းများ ညီလာခံတွင် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလတွင် ၎င်းအဖွဲ့မှ နုတ်ထွက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)သို့ ဝင်ရောက်ခဲ့ကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကို က်ိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် ကိုယ်စားလှယ် လောင်းများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဦးဦးသန်းနိုင်၏ ဖခင် ဦးစိန်လှအောင်မှာ လက်ရှိ ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော သူ၏ အဖိုးဖြစ်သူ ဦးကျော်မြဦးမှာလည်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်၊ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဖြစ်ကာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

“အဓိကတော့ ကျွန်တော်တို့ပါတီရဲ့ မူဝါဒဖြစ်တဲ့ ဖက်ဒရယ်ရေး၊ တန်းတူရေးရရှိအောင် အဓိကထား ပြီး ဆောင်ရွက်သွားပါမယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေးပေါ့။ ရခိုင်ဒေသက အရမ်းနောက်ကျနေတယ် ဆိုတော့ ဒေသဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အပြောနဲ့ မဟုတ်၊ လက်တွေ့လုပ်ဆောင်သွားမယ်လို့ ကတိ်ပြုပါတယ်”ဟု ဦးဦးသန်းနိုင်က ပြောသည်။

ဦးဦးသန်းနိုင်သည် လက်ရှိ အချိန်ထိ ရသေ့တောင်မြို့နယ်တွင် ရေတွင်း၊ ရေကန်များ၊ ရွာချင်းဆက် လမ်းများကို တည်ဆောက်ပေးခဲ့သလို ယခုနှစ် ဇူလှိုင်လကုန်က ဖြစ်ပွားခဲ့သော ရေဘေးတွင်းလည်း ရခိုင်အမျိုးသားပါတီသို့ ကျပ်သိန်း (၂၀)၊ ရသေ့တောင်မြို့နယ် ရေဘေးကယ်ဆယ်ရေး အဖွဲ့သို့ ကျပ် သိန်း (၅၀) လှူဒါန်းခဲ့ပြီး ယင်းငွေများ အပါအဝင် ဘူးသီးတောင်မြို့နယ်နှင့် အခြားဒေသများအတွက် ကျပ်သိန်း ၂ဝဝ ကျော်ခန့် ကူညီပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...