မာန်အောင်မဲဆန္ဒရှင်တွေကို အပြစ်မတင်ကြဖို့ ဒေါက်တာ အေးမောင် မေတ္တာရပ်ခံ

မာန်အောင်မဲဆန္ဒရှင်တွေကို အပြစ်မတင်ကြဖို့ ဒေါက်တာ အေးမောင် မေတ္တာရပ်ခံ
by -
နိရဥ္စရာ
မာန်အောင် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာတွင် ရှုံးနိမ့်ခဲမှုနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ် မဲဆန္ဒရှင်များကို အပြစ်မတင်ကြရန် ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

နိုဝင်ဘာ ၁၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က ဒေါက်တာ အေးမောင်အား နိရဥ္စရာ သတင်းဌာနမှ အင်တာဗျူး ပြုလုပ်စဉ် ထိုသို့မေတ္တာရပ်ခံ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ခုနလိုပေါ့ ကျွန်တော် ဟို မာန်အောင်မှာ မဲရှုံးတာနဲ့ ပတ်သက်လို့ ဂရုဏာ ဒေါသ ဖြစ်တာလေးတွေကို သည်းခံပြီးတော့ ဖြေဖျောက်ပေးကြပါ။ မာန်အောင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင် များနဲ့ လုံးဝ မပတ်သက်ပါ။ ကျွန်တော်တို့ ပါတီတွင်း စည်းရုံးမှု၊ ထိုးဖောက်မှု အင်မတန်ကိုမှ လိုအပ်ချက် ရှိခဲ့ပါတယ်။ အဓိကအားဖြင့် ကျွန်တော်မှာလည်း အများကြီး တာဝန်ရှိပါတယ်”ဟု သူက ပြောဆိုသည်။

မာန်အောင်မြို့နယ်တွင် မဲရှုံးခြင်းမှာ နှစ်ပေါင်း (၆၀) လောက် သွေးခွဲ အုပ်ချုပ်ခံလာရသော ရခိုင်မိဘ ပြည်သူများကို ရခိုင်အမျိုးသားပါတီမှ သေသေချာချာ ရှင်းလင်းတင်ပြနိုင်ခြင်း မရှိသေး၍ ဖြစ်သည်ဟု သူက ခံယူကြောင်း ဆက်လက် ပြောဆိုသည်။

“အဲဒါကြောင့် ကျွန်တော်တို့ ကြိုးစားနေတဲ့ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းဆိုတဲ့ သွေးခွဲပြီးမှ ကျွန်တော်တို့ရဲ့ ညီညွှတ်မှုကို ဖြိုခွဲကြခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်လောက်က အစွဲတွေကို ကျွန်တော်တို့ ဒီနေ့ထိ ကျွန်တော်တို့ ပါတီသည်လည်းကောင်း မိဘပြည်သူများကို သေသေချာချာ ရှင်းလင်းတင်ပြနိုင်ခြင်း မစွမ်းဆောင်နိုင်သေးဘူးလို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟု ပြောသည်။

သူမာန်အောင်တွင် ရှုံးနိမ့်ခဲ့သည်ကို သင်ခန်းစာယူပြီး အားလုံး ညီအစ်ကိုချင်း ဖြစ်သည်ဟု ခံယူကာ ညီညီညွှတ်ညွှတ်ဖြင့် တာဝန်ယူမှု၊ တာဝန်ရှိမှုတို့ကို ခံယူကာ ချဉ်းကပ် သုံးသပ်ပြောဆိုကြရန် လိုအပ်သည်ဟုလည်း သူက ပြောဆိုသည်။

“ဒီလက်ရှိဖြစ်ပျက်သွားခဲ့ရတဲ့ ကျွန်တော် ရှုံးခဲ့ရတဲ့ အခြေအနေကို သင်ခန်းစာ ယူပြီးမှ ရခိုင် တစ်မျိုးသားလုံး ညီညွတ်ပြီးမှသာလျင် လက်ရှိ အကျဉ်းအကြပ် ကြားထဲက လွတ်ကင်းနိုင်မယ်။ ညီညီညွှတ်ညွတ်ဖြင့် ကျွန်တော်တို့ရဲ့ ရခိုင်လူမှု အဖွဲ့အစည်း ကို ပြန်လည်တည်ဆောက်ကာကွယ် သွားဖို့ လိုအပ်တယ်ဆိုတဲ့ လိုအပ်ချက်ကို ဦးတည်ပြီးမှပေါ့နော်။ မြောက်ပိုင်း တောင်ပိုင်း အလယ်ပိုင်း စသဖြင့် ပြောဆိုဆွေးနွေးနေကြမယ့်အစား ညီညီညွှတ်ညွှတ် ကျွန်တော်တို့ အားလုံး ညီအစ်ကိုချင်း ဖြစ်တယ်။ တာဝန်ကြီးတယ်၊ တာဝန်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ အားလုံးကို ချဉ်းကပ်ပြောဆိုကြ ဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ဒေါက်တာ အေးမောင်က ပြောဆိုသည်။

ဒီဇင်ဘာ သုံးရက်နှင့် လေးရက်များနေ့တွင် ရခိုင်အမျိုးသားပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ခေါ်ယူပြီး ပါတီတွင်း အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း နိရဥ္စရာသတင်းဌာနသို့ သူက ပြောဆိုသည်။

(ဒေါက်တာ အေးမောင်နှင့် ပြုလုပ်ထားသော အင်တာဗျူး အသေးစိတ်ကို လာမည့် နိရဥ္စရာ ရခိုင်သတင်းဂျာနယ်တွင် အသေးစိတ် ဖော်ပြပေးသွားပါမည်။)

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...