အနိုင်ရပါတီသည် စနစ်ကို ပြောင်းလဲနိုင်စေသတည်း

အနိုင်ရပါတီသည် စနစ်ကို ပြောင်းလဲနိုင်စေသတည်း
by -
ကေအိုင်စီ
“၂၀၁၅ ရွေးကောက်ပွဲ” ဆိုသော လိမ်ညာကောက်ကျစ်မှုမျိုးစုံ ပြွမ်းတီးသော ဝင်္ကဘာတစ်ခုကို ပြည်သူတို့ ဖြတ်သန်းသွား ခဲ့ကြပြီ။ ရှေ့ခရီး လမ်းသည် သာယာဖြောင့်ဖြူးနေသော မင်းလမ်းမကြီး မဟုတ်သေး။ အုပ်စိုးသူများက တမင်လုပ်ကြံဖန်တီးထား သည့် ခလုတ်ကန်သင်းများဖြင့် ပြည့်နှက်နေသော ခရောင်းလမ်းသာ ဖြစ်မြဲဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ပြည်သူများသည် အတားအဆီး၊ အလိမ်အကောက်၊ အခက်အခဲမျိုးစုံကို အောင်မြင်စွာ ဖြတ်သန်းချီတက်သွားကြမည်သာ ဖြစ်သည်။

“၂၀၁၅ ရွေးကောက်ပွဲ” ၌ ပြည်သူလူထုသည် (NLD)ပါတီကို တခဲနက် မဲပေးခဲ့ကြသည်။ ပြည်သူလူထုက (NLD)ပါတီ ကို ထပ်မံ အနိုင်ပေးခဲ့ပြန်ပြီ။ ဤသို့ အနိုင်ပေးခဲ့သည်မှာ မြန်မာ့နိုင်ငံရေးသမိုင်း၌ တစ်ကြိမ်တစ်ခါ တည်း မဟုတ် အကြိမ်ကြိမ်ရှိခဲ့ပြီဟု ဆိုရလိမ့်မည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စသဖြင့် ဖြစ်ပါသည်။ ဝေးသော အတိတ်သမိုင်း ကြောင်းကိုပါ ထည့်ပြောရဦးမည်ဆိုလျှင် “လူတည်မြဲ - မဲသန့်ရှင်း” ခဲ့ကြသည့် အမြော်အမြင်ရှိသော ပြည်သူများဖြစ် ပါသည်။

ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို သူတို့ဘဝများနှင့် ရင်း၍ ရွံရှာခါးသီး မုန်းတီးနေကြသူများဖြစ်သည်။

စစ်အာဏာရှင်စနစ်က ပြည်သူတို့ဘဝများစွာကို ဆင်းရဲတွင်းနွံထဲ နစ်သထက်နစ်အောင် ဆွဲနှစ်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး ကင်းမဲ့စေခဲ့သည်။ ပြည်တွင်းစစ် ရှည်ကြာစေခဲ့သည်။ အုပ်စိုးသူများကို ထားစရာမရှိအောင် ကြွယ်ဝေစေခဲ့သည်။ သို့ဖြင့် စစ်အာဏာရှင်စနစ်သည် ပုံစံမျိုးစုံဖြင့် ပြည်သူတို့အပေါ် အကြမ်းဖက် ဖိနှိပ်လွှမ်းမိုးအုပ်စိုးခဲ့သည်။ ၁၉၆၂မှစ၍ ရေတွက်လျှင် ရာစုနှစ် ဝက်ကျော် ကြာမြင့်ခဲ့ပြီ။

ပြည်သူများသည် အခွင့်သာလျှင်သာသလို စစ်အာဏာရှင််စနစ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင် အံတုတော်လှန်ခဲ့ကြသည်သာ ဖြစ်သည်။ အုပ်စိုးသူများသည် ပြည်သူများအပေါ် “စစ်အစိုးရ”အသွင်ဖြင့် ဗြောင်ဖိနှိပ်အုပ်စိုးခဲ့ကြသလို (ဆိုရှယ်လစ်အတု/ အမျိုးသားညီလာခံ အတု/ ငြိမ်းချမ်းရေးအတု/ ဒီမိုကရေစီအတု/ ဖက်ဒရယ်အတု စသဖြင့်) အတုမျိုးစုံဖြင့် လှည့်စားအုပ်စိုးခဲ့ကြသည်။

ယခုလည်း “၂၀၀၈ အခြေခံဥပဒေ” အရေခြံုထားသော “စစ်အာဏာရှင်စနစ်နှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်ကို ပြတ်သားစွာ ဆန့်ကျင်ဆန္ဒြ့ပခဲ့ပြန်ပြီ။  ပြည်သူလူထုက (NLD)ကို မဲတွေ ပုံအောပေးခဲ့ကြသည်မှာ တစ်နည်းအားဖြင့် စစ်အာဏာရှငစနစ််နှင့် ထိုစနစ်ဆိုးကို အမွေဆက်ခံထားကြသော ကြံ့ဖွံ့ပါတီကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြလိုက်ခြင်းဖြစ်သည်။

ကနဦးသိရသော စာရင်းများအရ ကြံ့ဖွံ့ပါတီမှ ထိပ်သီးအကောင်ကြီးအများစု မရှုမလှ ရှုံးကြသည်ဟု သိရသည်။

“ရာနှုန်းပြည့်နိုင်မယ်/၈၀ရာခိုင်နှုန်းနိုင်မယ်”စသဖြင့် ကြွားလုံးထုတ်ခဲ့သူများ ခွက်ခွက်လန်အောင် ရှုံးသွားသည်။ သို့ဖြင့်  ငါ့စကား နွားရ လေလုံးထွားခဲ့ကြသူများ၊ ပုဆိုးလှန်ပြ ပါးရိုက်မယ်ဟု မောက်မာဝင့်ဝါသူများ၊ ပြည်သူအပေါ် အနိုင်ကျင့်စော်ကား သူများအပေါ် ပြည်သူများက ဒဏ်ခတ် ဆုံးမပြလိုက်ခြင်းဖြစ်သဖြင့် နှစ်ထောင်းအားရရှိလှသည်။ ကြံ့ဖွံ့ပါတီကို ပြည်သူများက ကြံ့ဖွံ့အသင်းဘဝမှာကတည်းက ရွံ့မုန်းခဲ့ကြတာဖြစ်သည်။ ပြည်သူများအား နေပူမရှောင် မိုးရွာမရှောင် “နိုင်ငံရေးပေါ်တာ” ဆွဲခဲ့သည်မှာ ယနေ့ကြ့ံဖွံ့ပါတီတဖြစ်လည်း ကြံဖွ့ံအသင်းပင် မဟုတ်ပါလား။ အသင်းတုန်းကလည်း အနိုင်ကျင့်ခဲ့သလို ပါတီဖြစ်လာပြန်တော့လည်း လိမ်ညာလှည့်ဖြားခဲ့တာဖြစ်သည်။ ပြည်သူတွေ အချင်းချင်းအကြား (ဘာသာရေး/လူမျိုးရေး) ရန်တိုက်ပေးခဲ့တာဖြစ် သည်။

ယခုလည်း ပြည်သူတွေက (NLD)ပါတီကို မဲတွေပုံအောပြီး အနိုင်ပေးခဲ့တာ သိသာထင်ရှားလှသော်လည်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်(UEC)ကမူ ရွေးကောက်ပွဲရလဒ်ကို တမင်သက်သက် အချိန်ဆွဲပြီး ကြေညာနေသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ယခုလို အချိန်မဆွဲခဲ့။ ညစ်နည်းမျိုးစုံသုံး၍ ဘက်လိုက်ခဲ့သော သူတို့ မိခင်ကြံ့ဖွံ့ပါတီ အရှုံးကြီးရှုံး၍သာ ကော်မရှင်သည် ဤသို့ တမင်ညစ်၍ အချိန်ဆွဲ ကြေညာနေခြင်း ဖြစ်သည်။ ပြည်သူတွေရဲ့ တခဲနက်အောင်မြင်မှုကို မိုက်မဲစွာ ကန့်သတ်နေခြင်း ဖြစ်သည်။

ပြည်သူများမှာ မဲတစ်ပြား (မဲသုံးပြား/အချို့နေရာ မဲလေးပြား) ပေးရဖို့အရေးအတွက် ကော်မရှင်က တမင်ညစ််ပတ်ထားတဲ့ မဲစာရင်းမှားတွေကြောင့် စိတ်အေးချမ်းစွာနဲ့ မဲပေးခဲ့ကြရခြင်း မဟုတ်။ ယခုလည်း ရွေးကောက်ပွဲရလဒ်ကို အလီလီ ကြေညာပေးခြင်း နည်းဖြင့် တမင်ညစ်တာ ခံနေရပြန်သည်။

ကော်မရှင်လူကြီးများသည် ပြည်သူများ လွတ်လပ်စွာ၊ ရွှင်မြူးစွာ အောင်ပွဲခံမည်ကို မမြင်လို၊ မတွေ့လို၊ မကြည့်လိုကြ။ ဤလုပ်ရပ်မှာ သေးသိမ်နုံချာလွန်းလှသော သဘောထားနှင့် စိတ်ဓါတ်ကို အထင်အရှား ဖော်ပြနေခြင်းသာ ဖြစ်ပါသည်။

ထို့အပြင် ကော်မရှင်က ကြေညာပေးသော ရွေးကောက်ပွဲရလဒ် အပြည့်အစုံသိနိုင်အောင် ရက်အချို့ကို စောင့်ဆိုင်း ကြရအုံးမည်။ ယခုလို စောင့်ဆိုင်းနေစဉ်အတွင်း ပေါ်ထွက်နေသော အသံဗလံများမှာ အစိုးရဘယ်လိုဖွဲ့စည်းမလဲ၊ သမ္မတ ဘယ်သူဖြစ်လာမလဲ။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် မည်သူတွေဖြစ်လာကြမလဲ ဆိုသည့်ကိစ္စများ ဖြစ်ပါသည်။

အချို့ကလည်း (NLD)ပါတီ တပါတီထဲက အစိုးရနေရာတွေအကုန်လုံး မယူသင့်/ ဟိုလူတွေပါသင့်သည်/ ဒီလူတွေပါသင့်သည် စသဖြင့် မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာကို ကိုယ်ဖြစ်ချင်သလို စပ်ဟပ်ပေးနေသည့် ပြည်တွင်းပြည်ပကနေ လေသံမျိုးစုံပင် ဖြစ်သည်။
အဆက်ဆက် အုပ်စိုးသူများဘက်မှ ဥပဒေအရ/ အချက်အလက်အရ ပိုင်နိုင်သေချာနေသည့် အချက်အလက်များမှာ

စစ်တပ်ကို ခါးပိုက်ဆောင်ထားသော ကာချုပ်သည်

-    ပြည်ထောင်စု လွှတ်တော်ထဲတွင် ၂၅%  (၁၁၀+ ၅၆) ၁၆၆ဦး အပိုင်ယူထားပြီးဖြစ်သည်။
-    ဒုတိယသမ္မတ ၁ဦး တင်မြှောက်ခွင့် အပိုင်ရထားပြီးဖြစ်သည်။
-    အစိုးရအဖွဲ့ အဆင့်ဆင့်တွင် (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး) ဝန်ကြီး ၃ဦး အပိုင်ယူထားပြီးဖြစ်သည်။
-    ကာလုံထဲတွင် (ကာချုပ်၊ ဒုကာချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး) ၅နေရာ အပိုင်ယူထားပြီးဖြစ်သည်။

ကျန်နေရာများကို (NLD)ပါတီသည် ရွေးကောက်ပွဲကော်မရှင်က “ကြေညာပေးသလောက် အနိုင်ရလဒ်ဖြင့်”အစိုးရ၊ လွှတ်တော်၊ ကာလုံတို့တွင် ပါဝင်ဖွဲ့စည်းရမှာဖြစ်သည်။ ထို့အပြင် ဦးတင်အေးကော်မရှင်က ကြေညာပေးသည့် ကိုယ်စားလှယ်များအနက် အရေအတွက် မည်မျှ “ရွေးကောက်ပွဲဆိုင်ရာ မှုခင်းများ”ဖြင့် အမြီးနှုတ်၊ ခေါင်းနှုတ်တာ ခံကြရဦးမည်မသိသေး။  ဦးတင်အေး ခုံရုံးမှာ ကိုယ်စားလှယ် အရေအတွက် မည်မျှကျဆုံးမည် မသိသေး။

သို့ပါ၍ (NLD)ပါတီက ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်သည် ပြည်တွင်းစစ်ရပ်စဲရေး/ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး စသောကိစ္စများကို မည်သို့ အကောင်အထည်ဖော်မည်နည်း။

“အမှန်တကယ်ပြောင်းလဲဖို့” ပြည်သူများက (NLD)ပါတီကို မဲပေးခဲ့ကြပြီ။ ပြည်သူများဘက်က တာဝန်ကျေခဲ့ပြီဟု ဆိုနိုင်သည်။ သို့ပါ၍ အနိုင်ရပါတီ (NLD)သည် စနစ်ကို အမှန်တကယ် ပြောင်းလဲနိုင်ပါစေသတည်း။

ဆောင်းပါး - မောင်ကျော်စွာ

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...