ရခိုင်ပြည်နယ်၏ အုပ်ချုပ်သူအကြီးအကဲမှာ ရခိုင်သာ ဖြစ်သင့်ကြောင်း ဦးတင်ဦးက ကျောက်ဖြူတွင် ပြောကြား

ရခိုင်ပြည်နယ်၏ အုပ်ချုပ်သူအကြီးအကဲမှာ ရခိုင်သာ ဖြစ်သင့်ကြောင်း ဦးတင်ဦးက ကျောက်ဖြူတွင် ပြောကြား
by -
နိရဥ္စရာ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး က ကျောက်ဖြူမြို့နယ် လူထုနဲ့တွေဆုံရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ဆန္ဒမှာ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်သူ အကြီးအကဲသည် ရခိုင်အမျိုးသားသာဖြစ်ရမည်ဟု ပြောကြားခဲ့သည်။

ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်တွင် နိုင်ဝင်ဘာလ(၄)ရက်နေ့ နံနက်(၈း၃၀)ခန့်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့စိတ်ထဲမှာ ရခိုင်လူမျိုးနဲ့ ကျနော်တို့ ဗမာဟာ ဒင်္ဂါးတစ်ပြားတည်းလို့သဘောထားပါတယ်။ တန်းတူ ညီမျှခွင့်ရှိရမယ်။ ကိုယ်ပြည်နယ်မှာ ကိုယ့်ပါတီအုပ်ချုပ်ခွင့်ရှိရမယ်။ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ရှိရမယ်။ ခင်ဗျားတို့ တောင့်တနေတဲ့ အုပ်ချုပ်သူ အကြီးအကဲဟာ ရခိုင်ဖြစ်ရမယ်။  ရခိုင်ပြည်နယ်မှာဆိုရင် အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ကျနော်တို့ရဲ့ ဆန္ဒအရဆိုရင် ရခိုင်အမျိုးသား ဖြစ်ရမယ်” ဟု ဦးတင်ဦး ကပြောဆိုသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက “မဲပေးတဲ့အခါ ဟိုလူအားနာ၊ ဒီလူအားနာ ဆိုပြီး အားနာနာနဲ့ မဲမပေးကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု ပြောဆိုသည်။

“မဲဆွယ်စည်းရုံးတဲ့အခါ  ပေးထားတာတွေ ကျွေးထားတာလည်းရှိနေတယ်။ ပေးရင်ယူလိုက်ပါ။ အလှူအတန်း လုပ်တယ်လို့ပဲ သဘောထားကြပါ။ မဲပေးတဲ့အခါ စဉ်းစားချင့်ချိန်ပြီး မှန်မှန်ကန်ကန် မဲပေးကြပါ”ဟု သူက ဆိုသည်။

အမှတ်(၁၀)အ မျိုးသားလွှတ်တော် နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဖြူ ကလည်း “ကျနော် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ရင် အဂတိတရား ကင်းရှင်းအောင် ဆောင်ရွက်ပါမယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး လုပ်စားဖို့ ဝင်လာတာမဟုတ်ပါ။ နိုင်ငံရေးလုပ်ဖို့ ဝင်လာတာပါ။ ပြည်သူ့ ခိုင်းဘက်ပါ။ ကျနော် ကျောက်ဖြူမြို့နယ်မှာ ကျွန်ခံရပါစေ” ဟု ပြောသည်။

ဟာသလူရွှင်တော် မေတ္တာ ကလည်း “ ဥပဒေ ဆိုတာ မလိုတစ်မျိုး လိုတစ်မျိုးမဖြစ်ရဘူး။ ဥပဒေဆိုတာ ခြေဖဝါးလို တသမတ်တည်းဖြစ်ရမယ်။ ဒီလိုဖြစ်မှသာ အခြားသော တိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်” ဟု ပြောဆိုခဲ့သည်။

ကျောက်ဖြူတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်ရုံးပွဲသို့ ကျောက်ဖြူမြို့ခံ ၆ဝဝကျော်ခန့် တက်ရောက်ခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...