“ကျွန်တော်တို့ရုံးကိုလာတိုင်တာက ရာမောင် တံတားအနီး ဖားပြိုရွာက လာတိုင်ပါတယ်။ လူပေါင်း ရ၀ လောက် မဲစာရင်းတွေထဲမှာ မပါဘူးလို့ ပြောပါတယ်။ တစ်ခြား ငပဂွရွာကလည်း လာတိုင်ပါတယ်။ သူတို့ရွာမှာလည်း လူတော်တော်များများ မဲစာရင်း မပါဘူးလို့ ပြောပါတယ်”ဟု မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီ ကော်မတီဝင် ဦးသိန်းဇံက နိရဥ္စရာသို့ ပြောသည်။
၎င်းပြင် မင်းပြားမြို့နယ် မင်းဖူးက လူပေါင်း ၂၀ ခန့်၊ ဈီးပင်ကြီးကလည်း လူအများအပြား မပါဘဲ ဖြစ်နေသလို သေဆုံးသူ အများအပြားလည်း မဲစာရင်းတွင် ပါနေသည်ဟု ဦးသိန်းဇံက ဆက်လက် ပြောဆိုသည်။
အိမ်ခြေ ၂ဝဝ ကျော်ခန့်ရှိသည့် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာသား တစ်ဦးမှလည်း သူတို့မိသားစုတွင် လူ ၄ ဦး မဲစာရင်းတွင် မပါဝင်ကြောင်း ပြောဆိုသည်။
“ကျွန်တော်တို့မှာ မိသားစု ငါးဦးရှိတဲ့ အထဲမှာ ကျွန်တော် အမေရယ်။ ကျွန်တော် အစ်ကို နှစ်ယောက်ရယ်။ ကျွန်တော်ရယ် မပါဝင်ဘူး။ ဒါကြောင့် မင်းပြားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးကို ဒီကနေ့ အကြောင်းကြားပါတယ်။ အဲဒီမှာ ရှိတဲ့ စာရေးမ တစ်ဦးက ခရိုင်ရုံးကို အကြောင်းကြား ပေးမယ်လို့ ပြောတယ်။ ခရိုင်ရုံးကို ဖုန်းဆက် အကြောင်းကြားပါတယ်။ ခရိုင်ရုံးက လက်မခံတော့ဘူး လို့ အကြောင်းကြားတာကတော့ စာရင်းသွင်းလို့ မရတော့ဘူးလို့ ပြောပါတယ်”ဟု သူက ဆိုသည်။
ကျေးရွာအချို့တွင် မဲစာရင်းများကို ကပ်ထားခြင်း မရှိသဖြင့် ကျေးရွာသား အများအပြားမှာ မဲစာရင်းထဲတွင် ပါ၊ မပါကို မသိရဘဲ ဖြစ်နေသည်ဟု သူက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းသာအောင်က “ကျွန်တော်တို့ဆီကို ဟိုတစ်နေ့က လာအကြောင်းကြားတော့ လုပ်ပေးလ်ိုက်ပါတယ်”ဟု ပြောသည်။
မင်းပြားမြို့နယ်တွင် မဲစာရင်းတော်တော်များများ မပါတာ ရှိပါသလားဟု မေးမြန်းရာ “အဲဒါက ကျွန်တော် မသိဘူး။ ကွန်ပျူတာ အမှားကြောင့် ဖြစ်ရင်တော့ လုပ်ပေးလိုက်တာတွေ ရှိပါတယ်” ဟု သူက ဆက်ပြောသည်။
၎င်းအပြင် သူက “ ကျွန်တော်တို့ဆီကို လာတိုင်တာ တစ်ယောက်မှ မရှိဘူး။ အခုအချိန်မှာတော့ စာရင်းထဲမှာလည်း ထည့်လို့ မရတော့ပါဘူး။ မဲစာရင်း မကပ်တာက လွန်ခဲ့တဲ့ သုံးလေးရက်က မိုးအကြီးအကျယ် ရွာနေတဲ့အတွက် ဖြစ်ပါတယ်”ဟု ပြောဆိုသည်။







