တိုင်းရင်းသားတွေရဲ့ ဦးဆောင်မူကို ပြည်မကပြည်သူတွေလက်ခံလာပြီဟုဆို

တိုင်းရင်းသားတွေရဲ့ ဦးဆောင်မူကို ပြည်မကပြည်သူတွေလက်ခံလာပြီဟုဆို
by -
စိုင်းအောင်မျိုးလွင်
စိုင်းအောင်မျိုးလွင် — ဒါပေမယ့်တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်နယ်မှာနေတဲ့လူတွေဟာ ပိုပြီးတော့ ဖြောင့်မတ်တယ်ဆိုတာကို လူတိုင်းလူတိုင်းက နေ့စဉ်ပြောနေကြပါတယ်။ ဒီအတိုင်းပါပဲ ဦးတို့ကတော့ ရိုးရိုးကျင့်မြင့်မြင့်ကြံ တကယ့်ရိုးဖြောင့်တဲ့ ရိုးရိုးစင်းစင်းနဲ့ပဲ လုပ်တဲ့အခါမှာ တိုင်းရင်းသားတွေဦးဆောင်ပေမယ့် တကယ်တမ်းတစ်နိုင်ငံလုံး အကျိုးဆောင်နိုင်မယ့်ပါတီဖြစ်တယ်ဆို တာ ဆွေမျိုးမောင်နှမ ဗမာပြည်သူများ အားလုံးကလည်း လက်ခံလာနေကြပြီဖြစ်ပါတယ်”ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဌ ဦးစောသန်းမြင့်က BNI ရွေးကောက်ပွဲသတင်းခန်းမှ သတင်းထောက်စိုင်းအောင်မျိုးလွင်၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

မေး။  ။ လက်ရှိ စည်းရုံးရေးအနေအထားအရ FUP ပါတီအနေနဲ့ လွှတ်တော်ထဲဝင်ရောက်ဖို့ ဘယ်လောက်မျှော်လင့်ထားပါသလဲ။

ဖြေ။  ။ လောလောဆယ်တေ့ာ ၁၇ မြို့နယ်မှာ ဦးတို့ယှဉ်ပြိုင်တယ်။ ဖက်ဒရယ်ပြည်ထောင်စု ပါတီအနေနဲ့ပေါ့နော်။ အဓိကက ၂၀၁၅ ဟာ ဦးတို့ရဲ့ FUP ကို ဖက်ဒရယ်ပြည်ထောင်စုပါတီကို သက်ဆိုင်ရာ တိုင်းဒေသအသီးသီးမှာ စတင်မိတ်ဆက်ပေးတဲ့ သဘောပဲဖြစ်ပါတယ်။ အဲ့ဒီတော့ မန္တလေးတိုင်းမှာ တစ်မြို့နယ် ဝင်တယ်။  မကွေးတိုင်းမှာ တစ်မြို့နယ်ဝင်တယ်။ ပဲခူးတိုင်းမှာ တစ်မြို့နယ် ဝင်တယ်။ ဧရာဝတီတိုင်းမှာတစ်မြို့ နယ်ဝင်တယ်။ တိုင်းငါးတိုင်းပေါ့နော်။ ရန်ကုန်မှာဆိုရင် ခုနှစ်မြို့နယ် ဝင်တယ်။ ဦးတို့အစက ညီလာခံကနေ ဆုံးဖြတ်တာကတော့ ၃၄  မြို့နယ် ဝင်မယ်လို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရန်ပုံငွေကြေးအရ မိခင်ပါတီ တွေထောက်ပံတဲ့ ရန်ပုံငွေကြေးအပေါ်မှာလည်း ချင့်ချိန်ပါတယ်။ နောက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ အင်တာဗျူးတဲ့အခါ သူတို့ရဲ့ အနေအထားကိုလည်း သုံးသပ်တယ်။ နောက်ဆုံးမှာ ဦးတို့ ၁၇ မြို့နယ်ပဲ ယှဉ်ပြိုင်နိုင်တယ်။

မေး။  ။ FUP ပါတီရဲ့ ဦးဆောင်မူ အခန်းကဏ္ဍမှာ တိုင်းရင်းသားတွေဖြစ်နေတယ်။ ပါတီအနေနဲ့လည်း ပြည်မမှာပဲ အဓိကယှဉ်ပြိုင်တယ်ဆိုတော့ ပြည်မမှာ ဗမာတိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားမူက ဘယ်လောက်ရှိလဲ ။ သူတို့တွေကရော တိုင်းရင်းသားတွေရဲ့ ဦးဆောင်မူကို ဘယ်လောက်ထိ အားပေးမူရှိသလဲ။

ဖြေ။  ။ ဒါအင်မတန်ကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ပြည်မမှာရှိတဲ့ပါတီတွေကို ပြည်မမှာ အမှန်တိုင်းပြောရ ရင် သံသယဖြစ်လာတယ်။ ပြည်မမှာရှိတဲ့ ဗမာတိုင်းရင်းသားနဲ့ ဦးတို့ပြည်နယ်မှာ ရှိတဲ့လူတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတွေက ရိုးဖြောင့်တယ် ဆိုတဲ့ဂုဏ်က ဒီကနေ့အထိ ဦးတို့နိုင်ငံမှာ ရှိပါတယ်။ ပြည်မမှာ ရှိတဲ့လူတွေကို မရိုးဖြောင့်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်နိုင်ငံလုံးအတိုင်းအတာ အရ ပြည်နယ်မှာနေတဲ့လူတွေဟာ ပိုပြီးတော့ ဖြောင့်မတ်တယ်ဆိုတာကို လူတိုင်းလူတိုင်းက နေ့စဉ်ပြောနေကြပါတယ်။ ဒီအတိုင်းပါပဲ ဦးတို့ကတော့ ရိုးရိုးကျင့်မြင့်မြင့်ကြံ တကယ့်ရိုးဖြောင့်တဲ့ ရိုးရိုးစင်းစင်းနဲ့ပဲ လုပ်တဲ့အခါမှာ တိုင်းရင်းသားတွေဦးဆောင်ပေမယ့် တကယ်တမ်းတစ်နိုင်ငံလုံး အကျိုးဆောင်နိုင်မယ့်ပါတီဖြစ်တယ်ဆိုတာ ဆွေမျိုးမောင်နှမ ဗမာပြည်သူများ အားလုံးကလည်း လက်ခံလာနေကြပြီဖြစ်ပါတယ်။

မေး။  ။ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်အနနဲ့ရော တစ်နိူင်ငံလုံးအတိုင်းအတာနဲ့ စီမံခန့်ခွဲဖို့ ယုံကြည်မူရှိနေပြီလားဗျ။

ဖြေ။  ။ တကယ်တမ်းပြောရလို့ရှိရင် ဦးတို့က မျိုးရိုးအဆက်ဆက် နှစ်ပေါင်းရာထောင်ချီ ဦးတို့ဒေသကို ဦးတို့က သက်ဦးဆံပိုင်ပေါ့နော်။ အုပ်ချုပ်ခဲ့တယ်။ အဲဒီကတည်းက ဦးတို့မှာ လုပ်ထုံးလုပ်နည်း အစဉ်အလာ အားလုံး ရှိပါတယ်။ တစ်နိုင်ငံလုံးကို စီမံခန့်ခွဲ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။ လူတွေလည်းအများ ကြီးရှိပါတယ်။ အဲ့ဒီတော့ ပြည်မက လူတွေပဲ နိုင်ငံကို ဦးဆောင်နိုင်တာမဟုတ်ပါဘူး။ ဦးတို့ပြည်နယ် မှာရှိတဲ့လူတွေကလည်းပဲ တစ်နိုင်ငံလုံးကို အုပ်ချုပ် စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့လူတွေအများကြီးရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်ကြီးတွေလည်းရှိပါတယ်။ ဥပဒေနဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ စစ်တပ်ပိုင်းနဲ့ပတ်သက်တဲ့ အတွေ့အကြံုတွေလည်း အများကြီး ရှိပါတယ်။ စစ်ရေးမဟာဗျူဟာဆွဲနိုင်တဲ့ စစ်ရေးအမြင်ရှိတဲ့လူတွေလည်း အပြည့်အစုံရှိပါတယ်။

မေး။ နောက်ဆုံးအနေနဲ့ ဖြည့်စွပ်ပြောချင်တာများရှိရင် ပြောပါဦး။

ဖြေ။  ။ ဦးတို့ FUP ပါတီက ၂၀၂၀ မှာ အစိုးရဖွဲ့နိုင်ရမယ်။ သမ္မတနေရာမှာလည်းရရမယ်။  တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နိုင်ငံလုံးကို စီမံခန့်ခွဲအုပ်ချုပ်နိုင်တဲ့ အစိုးရဖွဲ့နိုင်ရမယ်ဆိုတဲ့ မူဘောင်လည်းရှိပါတယ်။ အဲ့ဒါကို ဦးတို့က ဗျူဟာလည်း ချထားပြီးဖြစ်တယ်။

FUP အနေနဲ့ ၂၀၁၅ မှာ NBF ရဲ့မွေးဖွားပေးလိုက်တဲ့ပါတီအနေနဲ့ ပြည်မမှာ နေရာချမယ်။ ၂၀၁၆ ကစပြီး ဦးတို့ မိခင်ပါတီမရှိသေးတဲ့ နေရာ တိုင်းမှာ အင်နဲ့အားနဲ့ ဖြည့်သွားမယ်။ နေရာလပ်မရှိအောင် ဦးတို့က အင်နဲ့အားနဲ့ ဆောင်ရွက်သွားမယ်။ အဲ့ဒီတော့လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ပြည်နယ် ခုနှစ်ပြည်နယ်မှာကတော့ ဦးတို့ မိခင်ပါတီတွေက အနိုင်ရလိမ့်မယ်။

ပြည်မမှာ အင်နဲ့အားနဲ့ လက်ရှိအင်အားကြီးပါတီတွေကိုကျော်ဖြတ်ပြီးတော့ ပြည်မမှာ အင်အားကြီး ပါတီဖြစ်အောင် မဟာဗျူဟာနည်းဗျူဟာ ဆွဲထားတာရှိပါတယ်။ အဲ့ဒီတော့ ပြည်မမှာ ရှိတဲ့ ဦးတို့ FUP နဲ့ ပြည်နယ်မှာ ရှိတဲ့မိခင်ပါတီတွေ ပေါင်းစပ်လိုက်မယ်ဆိုရင် ဦးတို့ NBF ပါတီကို ယှဉ်နိူင်တဲ့ ဘယ်ပါတီ ဘယ်အင်အားစုမှ ရှိမယ် မထင်ဘူး။

လာမယ့် သက်တမ်း ၅ နှစ်မှာ ဦးတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုပါတီတွေနဲ့ ရော ပြည်မမှာရှိတဲ့ ညီအစ်ကိုပါတီတွေနဲ့ရော တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပါ ဦးတို့ အကောင်းဆုံးဖြစ်အောင် ညှိနိူင်းဆောင်ရွက်ပြီးတော့ ၂၀၂၀ မှာ ပြည်သူတွေအားလုံးမျှော်လင့် တဲ့ လွတ်လပ်ခြင်း တရားမျှတခြင်း တန်းတူ ညီမျှခြင်းရှိတဲ့ဖက်ဒရယ်ပြည်ထောင်စု ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဦးတို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ အနေနဲ့ ပြောချင်ပါတယ်။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...