အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မွန်အမျိုးသားပါတီသည် မော်လမြိုင်မြို့ရှိ ပါတီရုံးခန်းတွင် နိုဝင်ဘာ ၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ကန့်ကွက် စာတင်သွားရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကန့်ကွက်စာတင်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ အခု လောလောဆယ်တော့ ကန့်ကွက်စာ မတင်ရသေးဘူး။ ဘာလို့လဲဆိုတော့ အန်ကယ်တို့ပါတီတစ်ခုတည်းဖြစ်တာ မဟုတ်ဘူး။ တခြားပါတီတွေလည်း ဖြစ်နေတာကိုတွေ့ရတော့။ တခြားပါတီတွေရဲ့ သဘောထားကို တီးခေါက် ကြည့်အုံးမယ်။ ပြီးမှ ကန့်ကွက်စာ တင်သင့် မတင်သင့် ဆုံးဖြတ်ကြမယ်”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။
မွန်အမျိုးသားပါတီ၏ တံဆိပ်အမှန်သည် ကြယ်အဖြူရောင် ဖြစ်ပြီး ဟင်္သာမှာ အဝါရောင် ဖြစ်သော် လည်း ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေလိုက်သော မဲလက်မှတ်များပေါ်တွင် မွန်အမျိုးသား ပါတီတံဆိပ်မှာ ကြယ်အဝါရောင် ဖြစ်နေပြီး ဟင်္သာပုံမှာ အဖြူရောင်ဖြစ်သည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေလိုက်သော မဲလက်မှတ်များသည် အဝါရောင် ဖြစ်နေခြင်းကြောင့် ပါတီတံဆိပ်များတွင် အဖြူရောင်သုံးထားသော အမှတ်အသားများ မဲလက်မှတ်အောက်ခံ၌ အဝါရောင် ဖြစ်သွားခြင်းသာဖြစ်ခဲ့ပြီး ပါတီတစ်ခုတည်း၏အမှတ်တံဆိပ်သာ အရောင်ပြောင်းလဲသွားခြင်း မဟုတ်ဟု ပြောကြားခဲ့သည်။
မွန်ပြည်နယ်၌ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့် နိုင်ငံရေးပါတီများ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မွန်ပြည်နယ်၌ မဲပေးပိုင်းခွင့်ရှိသူ စက်တင်ဘာ ၁၄ ရက်မှ ၂ရ ရက်နေ့ နောက်ဆုံး ကြေညာခဲ့သော မဲစာရင်းတွင် ၁၄ သိန်း ရ သောင်းကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ယခုအခါ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် ပုံစံ(၃-က)ဖြင့် လျှောက်ထား လာခဲ့ရာမှာ မွန်ပြည်နယ်ရှိရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်များတွင် ပုံစံ(၃-က)ဖြင့် မဲပေးခွင့်ရှိသူ ၂ သောင်းကျော်ရှိကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများထံမှ သိရသည်။







