ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် အောက်ချင်းငှက်အဖွဲ့(Hornbill Organization)က ပြီးခဲ့သည့် စနေ နှင့် တနင်္ဂနွေနေ့က ကလေးမြို့ပေါ်ရှိ ဒေသခံ ၁၅၀၀ ကျော်ကို မဲပေးပုံပေးနည်းနှင့်ပတ်သက်ပြီး တစ်အိမ်တက်ဆင်း ပညာပေးမှုများပြုလုပ်ခဲ့ရာတွင် မဲပေးပုံစနစ် မသိနားမလည်သော မဲဆန္ဒရှင် အများအပြားရှိနေကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ ကိုမုန်နိုးကပြောသည်။
“ကျနော်တို့ လူဦးရေ ၁၅၀၀ ဝန်းကျင်လောက်ကို ပညာပေးဖြစ်ပါတယ်၊ အဲဒီမှာ ၉၀ ရာခိုင်နှုန်းကတော့ လုံးဝ မဲဘယ်လို ပေးရမယ်ဆိုတာကို မသိကြဘူး။ ကလေးမြို့ပေါ်မှာတင် အများကြီးရှိနေသေးတယ်၊ အများအားဖြင့် အိမ်ရှင်မတွေများတယ်၊ တချို့က သူတို့ မဲပေးချင်တဲ့ပါတီရှိတယ်၊ ဒါပေမယ့် အဲဒီပါတီရဲ့ logo(အမှတ်တံဆိပ်) ကို မသိကြဘူး ပြီးတော့ မဲလက်မှတ်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် သုံးခါ မဲပေးရမယ်ဆိုတာတွေလည်း မသိကြဘူး၊ နောက်ပြီး ကျနော်တို့ ချင်းတွေအနေနဲ့ ချင်းရေးရာဝန်ကြီးအတွက် နဲ့ဆိုရင် မဲ ၄ ခါ ထည့်ရမယ်ဆို တာကိုတောင် မသိကြဘူး’’ ဟု သူကပြောသည်။
ထို့အပြင် ရွေးကောက်ပွဲနေ့တွင် မဲထည့်ကြသည့်အခါ မဲပြားပေါ်တွင် တံဆိပ်တုံးနှိပ်ပြီး မည်သို့မည်ပုံ လုပ်ဆောင်ရ မည်ဆိုသည့် အချက်များကိုလည်း သိရှိနားလည်မှုမရှိကြသည့်အတွက် ပဲမယ် အများအပြား ရှိလာနိုင်သည်ဟု ကိုမုန်နိုး ကဆက်ပြောသည်။
ကလေးဒေသသည် မကြာသေးခင်လပိုင်းက သဘာဝဘေးဒဏ်ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ဒေသတစ်ခု ဖြစ်သော ကြောင့် ဒေသ ခံပြည်သူအများစုမှာ ပြန်လည်ထူထောင်ရေး နှင့် စားဝတ်နေရေးအတွက် နေ့စဉ်လုံးပန်းနေရပြီး ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှုအလွန်နည်းပါးသည်ဟု ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမည့် အဖွဲ့တစ်ခု ဖြစ်သော ကလေးမြို့အခြေစိုက် အထက်ချင်းတွင်း လူငယ်များ ကွန်ယက်ဥက္ကဌ ကိုကျော်သက်ဝင်းက ပြောသည်။
“အဓိကတော့ သဘာဝဘေးအန္တာရယ်တွေကျရောက်တဲ့နယ်မြေတွေပေါ့နော် လမ်းပန်းဆက်သွယ်ရေးအရ ဘယ်လိုမှ သွားလို့မရတဲ့နယ်မြေတွေရှိတယ်ဗျာ၊ အဲဒီနယ်မြေတွေက မဲနဲ့ပတ်သက်ပြီး စိတ်ဝင်ခြင်း မရှိတဲ့ ဒေသတွေလည်း တွေ့ရ တယ်ဗျာ၊ နောက်ပြီး မဲပေးပုံမဲပေးနည်းကို ဘယ်လိုမှ တံဆိပ်တုံးရိုက်ပြီးမှ မဲပေးရမယ် ဆိုတဲ့အဆင့်ကို မသိသေးတဲ့ ဒေသတွေလည်းရှိတယ် ရာခိုင်နှုန်းအားဖြင့်တွက်မယ်ဆိုရင် ၄၅ ရာခိုင်နှုန်းလောက် ရှိနေတယ်ဗျာ ထိုက်သင့် သလောက်တော့ ဒီဘက်ကအဖွဲ့အစည်းတွေက ကိုယ်တတ်နိုင်သလောက် သွားပေး ကြပေမယ့် သူတို့အတွက်တော့ မဲပေးရေးထက် သူတို့ရဲ့ ပြန်လည်ထူထောင်ရေးက ပိုပြီးအရေးကြီး သလိုဖြစ်နေ တယ်ဗျာ’’ ဟု ကိုကျော်သက်ဝင်းက ပြောသည်။
ကလေးမြို့မှ သုံးဘီးမောင်းသူတစ်ဦးက “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘာမှကို မလေ့လာ ရသေးဘူး ကိုယ့်အလုပ် နဲ့ကို ရှုတ်နေတာလေ၊ မဲဘယ်နှစ်ခါပေး ရမယ်ဆိုတာလည်းမသိဘူး၊ မဲပေးတဲ့နေ့ကျရင် ရွာမှာ သွားပေးရမှာလေ၊ အဲဒီခါကျမှ နားလည်တဲ့သူတွေပြောတဲ့ အတိုင်း လုပ်လိုက်ရုံပါဘဲ၊ အခက်အခဲတော့ သိပ်မရှိနိုင်ပါဘူး” ဟု ပြောသည်။





