“ရပ်/ကျေးတွေမှာ ကြိုတင်မဲပေးဖို့ အဆင်သင့်မဖြစ်သေးဘူး ပိတ်လိုက်တာတော့ ကောင်းပါတယ်။ ဘယ်ချိန်ပြန်ပေးခွင့် ပြုမယ်ဆိုတာ ကို မပြောသေးဘူး”ဟု တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဦးဇော်မင်းထိုက်ကပြောသည်။
အောက်တိုဘာ၂၉ရက်၌ ကြိုတင်မဲပေးခြင်းကို စတင်ပြုလုပ်ခဲ့ပြီး မဲပေးရာတွင် တံဆိပ်တုံးမှာ မှင်ယိုစိမ့်မှု ရှိသောကြောင့် ရပ်နားထားခဲ့ပြီး ဒုတိယအကြိမ်မဲပေးရာတွင် ဘောပင်ဖြင့် အမှန်ခြစ်၍ မဲပေးခြင်းကို ပြုလုပ်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်းများမှ မဲမသမာမှုများရှိလာနိုင်သည်ဟု သုံးသပ်သောကြောင့် ထပ်မံရပ်နားခြင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကြိုတင်မဲပေးခြင်း မစတင်မီကပင် မဲပုံးလုံခြံုမှု မရှိသောကြောင့် ပါတီကိုယ်စားလှယ်များက မဲမသမာမှုများ ရှိလာနိုင်သဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုခြင်းကို မဲပုံးပတ်ပတ်လည် တိတ်ဖြင့် သာကပ်ထားစေပြီး ယခုကဲ့သို့ မဲပေးရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကြိုတင်မဲပေးခြင်းမှာ ယခုကဲ့သို့ အဆင်မပြေမှုများရှိနေသောကြောင့် ရွေးကောက်ပွဲရက်တွင် အဆင်မပြေဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ကိုယ်စားလှယ်လောင်းများထံမှသိရသည်။
“ပရက်ခွကျေးရွာမှာ မဲပေးတော့ ဘောပင်နဲ့ပဲခြစ်ခိုင်းတယ် ဒီရွေးကောက်ပွဲက ဒီလိုလုပ်လို့မရဘူးလေ ဒေသခံတွေက အဲလိုလုပ်တာ ကို မကျေနပ်လို့ တိုင်တော့ မဲပေးခွင့် ပြန်ရပ်နားထားတယ်” ဟု ကော့သောင်း မဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်အမျိုးသား ပါတီမှ ဦးနိုင်မောင်အေးကပြောသည်။
ကော့သောင်းမြို့နယ်ကော်မရှင်မှလည်း ကြိုတင်မဲပေးမှုကိုပိတ်ထားခြင်းမရှိဘဲ ရပ်/ကျေးကော်မရှင်ရုံးများ တွင်ဖွင့်လှစ်ပေးထားကြာင်း ကော်မရှင်မှပြောသည်။
ကြိုတင်မဲရပ်နားထားခြင်းအပေါ် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲသို့ ဆက်သွယ်မေးမြန်းရာ တွင် “ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပေးလို့ရနေပါတယ် ဘောပင်နဲ့ ပေးခိုင်းတယ် ဆိုတာက သူတို့ အယူဆမှားပြီး ဘောပင်နဲ့ပေးတာရှစ်စောင်ရှိတာကို ပြည်ထောင်စုကိုတော့ပြန်တင်ထားတယ်။ ကြိုတင်မဲပေးဖို့ မဲရုံဖွင့်လိုက် ပိတ်လိုက်တော့ မလုပ်ပါဘူး”ဟု အတွင်းရေးမှုး ဦးကျော်ဘုန်းမောင်က BNI ရွေးကောက်ပွဲ သတင်းခန်းသို့ဖြေကြားသည်။
ကော့သောင်းမဲဆန္ဒနယ်တွင် ကြိုတင်မဲပေးနိုင်ရန်အတွက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံး ၂၇ ရုံရှိကြောင်းသိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ မဲပေးခွင့်ရှိသော မြို့နယ် ၁၀ မြို့နယ်ရှိပြီး ရပ်/ကျေးရွာပေါင်း ၃၄၀တွင် မဲပေးခွင့်ရှိသူဦးရေး ၉၈၂၉၆၅ ဦး ရှိပြီး မဲရုံပေါင်း ၁၁၇၀ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းသိရသည်။





