အသိပညာပုုိင်းဆုုိင်ရာ တုုိးမှ လူတုုိင်းက လေးစားမှုပေးမှာ

အသိပညာပုုိင်းဆုုိင်ရာ တုုိးမှ လူတုုိင်းက လေးစားမှုပေးမှာ
by -
ဆလိုင်းကျော်မိုး
ဆလိုင်းကျော်မိုး — “အခုတစ်လော လူထုစည်းရုံးရေးမှာ ကျွန်တော် အဓိက တွေ့ရှိတာကတော့ အသိပညာပိုင်းဆိုင်ရာမှာ အားနည်း လှတာဖြစ်တယ်။ အသိပညာပိုင်းဆိုင်ရာမှာတိုးတက်မှ လူတိုင်းကလည်း လေးစားမှု ပေးကြမှာ ဖြစ်တယ်။ ဒီအချက်ကို ကျွန်တော် အဓိက တိုက်တွန်းအားပေးလိုပါတယ်”ဟု စစ်ကိုင်းတိုင်းဒသကြီး ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေးပါတီဥက္ကဌ ပူးနိုထန်ကပ် ကို BNI ရွေးကောက်ပွဲ သတင်း ခန်း မှ သတင်းထောက်က ဆလိုင်းကျော်မိုးက မေးမြန်းထားပါတယ်။

မေး။    ။ လူထုစည်းရုံးရေးကာလမှာ လူထုအားရအောင် ဒါတွေလုပ်ပေးမယ်ဆိုပြီး ပြောပေမယ့် တကယ့်တကယ်  ၀န်ကြီးဖြစ်လာတဲ့အခါမှာ ပြောသလိုမလုပ်ကြဘူးလို့ လူထုက အမတ်တွေအပေါ်မှာ ပြောဆိုတာမျိုး အရမ်းများပါတယ်။ အဲဒါနဲ့ပက်ပြီးဘာများ ပြန်ပြောချင်ပါသလဲ။

ဖြေ။     ။ ဒါက လူထုက အသေအချာ မလေ့လာကြလို့ပါ။ အမတ်တွေ တကယ်အလုပ်လုပ်/မလုပ် မစူးစမ်းတာကြောင့် ဖြစ်ပါလိမ့်မယ်။ လူထုဘက်ကလည်း လိုအပ်ချက်တွေ အများကြီးရှိတယ်လို့မြင် ပါတယ်။ ကျွန်တော့လုပ်ဆောင်မှုတွေမှာလည်း သူတို့မသိတာတွေ အများကြီးပါ။ သူတို့ မမြင်ရ တဲ့နေရာတွေအများကြီးပါ။ ဒီလိုမှတ်ချက်ပေးတာကတော့- သူတို့ကိုယ်တိုင်၊ သူတို့ ကျေးရွာအတွက် ကလွဲရင် တခြားဟာတွေမသိလို့ဘဲလို့ကျွန်တော်မြင်ပါတယ်။ လူထုစည်းရုံးရေးမှာတော့ ဘာတွေ လုပ်ပေးမယ်၊ ညာတွေလုပ်ပေးမယ်ဆိုတာကတော့ ပြောရိုးထုံးစံပါ။ ဒါပေမယ့် စီပီပီအနေနဲ့ဆိုရင် ဖလမ်းမြို့နယ်မှာဆိုရင် အများကြီးအောင်မြင်တယ်လို့မြင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုမျိုး ဖြစ်အောင် ကြိုးစားနေကြပါတယ်။ အခုရေတွင်းတူး- အခုရေကြည်သောက်ဖို့တော့ ခက်ပါမယ်။ ကျွန်တော်တို့အနေအထားနဲ့ လုပ်ပိုင်ခွင့်မရှိတာတွေလည်း ရှိတာပေါ့လေ။

မေး။    ။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ချင်းလူထု လိုအပ်ချက်တွေက ဘာတွေများလဲမသိဘူး။

ဖြေ။     ။  ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေဖြစ်တဲ့ လမ်း၊ တံတား၊ ကျောင်းတွေ တိုးတက်မှုက စစ်ကိုင်းတိုင်းဒေသကြီးက ချင်းတင်မကပဲ မြန်မာတစ်နိုင်ငံလုံး လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကတော့ ဘယ်အစိုးရပဲ တက်တက်၊ အတတ်နိုင်ဆုံးဖြေရှင်းကြရမယ့် ကိစ္စရပ်ပါ။ ကုန်လွန်ခဲ့တဲ့ လေးနှစ်မှာ ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုတစ်စုံတစ်ရာရှိတယ်လို့လည်း မြင်ပါတယ်။ ကျေနပ်အားရတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ ဒီဟာထက် ပိုအရေးကြီးတာက- သိသင့်သိထိုက်တာကို မသိကြတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ကိုယ့်အခွင့်အရေးတွေကို မသိကြလို့ စစ်ကိုင်းတိုင်းက ချင်းလူမျိုးတွေ ခံစားရတာတွေလည်း အများကြီးရှိပါတယ်။ မလိုအပ်ပဲ ထောင်ချခံရတာမျိုးလည်း ရှိတယ်။ မလိုအပ်ပဲ ပိုက်ဆံပေးရတာမျိုးလည်းရှိတယ်။ ၆ ကျပ်ပဲပေးရမယ့် မှတ်ပုံတင်ကိစ္စမှာ မလိုအပ်ပဲ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀၊ ပေးရတာမျိုးလည်း ရှိတယ်။ အနှိမ်ခံရတာမျိုးအပါအဝင်ပေါ့။ ကျွန်တော်တို့ အဓိကလိုအပ်ချက်ကတော့ အသိပညာပိုင်းဆိုင်ရာ တိုးတက်ဖို့ လိုအပ်ပါတယ်။

 မေး။    ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကထက် ၂၀၁၅ ရွေးကောက်ပွဲမှာပါမယ့် CPP ပါတီအမတ်လောင်း အရည်အတွက် နည်းသွားတယ်။ ပိုမိုအားနည်းလာတယ်လို့ ပြောကြတော့ သဘောတူပါသလား။

ဖြေ။     ။ ဒီအပေါ်မှာ ပြောချင်တာက ချင်းမိသားစုနိုင်ငံရေးပါတီတွေ သဘောတူညီ ချက် တစ်ခုရှိခဲ့ပါတယ်။ အဲဒီအတိုင်းလိုက်လျှောက်တဲ့အတွက် လူဦးရေလျှော့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ကို မလိုက်လျှောက်တဲ့ ချင်းပါတီတစ်ခုရှိပါတယ်။ သူတို့ကတော့ အကြီးဆုံးပါတီကွဆိုပြီးအော်နေပါတယ်။ ကျွန်တော်တို့သဘောတူညီချက် ကြေညာစာတမ်းမှာ ဒီနေရာတွေကို ရှောင်ကြမယ်ဆိုတာကို မရှောင်ချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချင်းပါတီ သဘောတူညီချက်ကို လေးစားပါတယ်။ နောက် ၂၀၁၀ တုန်းကကျွန်တော်တို့ စီပီပီက အမတ်ဦးရေ အများဆုံးဖြစ်တယ်။ အဲဒီလိုများတာနဲ့လည်း မဖြစ်ပါဘူး။ ပါတီအပေါ်မှာ သစ္စာမရှိပဲ တစ်ခြားပါတီကို ပြောင်းတာမျိုးလည်းရှိတယ်။ အမတ်ဦးရေများတာတစ်ခုတည်းကပဲ အရေးမကြီးပါဘူး။ ဒါကြောင့် အမတ်ဦးရေအပိုင်းမှာ လျှော့တာလည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီတစ်ခေါက်မှာ အမျိုးသမီးကိုယ်စား လှယ်လောင်းတွေကို ဦးစားပေးပါတယ်။ ၂၀၁၀ တုန်းက အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ယောက်မှမပါခဲ့ဘူး။ အခုငါးယောက်တောင် ပါပါတယ်။

မေး။    ။ ချင်းပါတီတွေ သိပ်များတော့တစ်ခြားပါတီနဲ့ စီပီပီခြားနားချက်က ဘာများဖြစ်မလဲ။ လူထုက ဘာကြောင့်များ စီပီပီကို ရွေးချယ်မဲပေးသင့်တယ်ဆိုတာကို ရှင်းပြပေးနိုင်မလား။

ဖြေ။     ။ ပါတီတွေအားလုံးကတော့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးတွေမှာတော့ အားလုံး တူညီကြပါတယ်။ စီပီပီနဲ့ တစ်ခြားချင်းပါတီ မတူညီတာကတော့ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု တင်မဟုတ်ပဲ၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖို့အတွက်ရည်ရွယ်ပြီး ကြိုးစားလုပ်ဆောင် နေကြတာဖြစ်ပါတယ်။ နောက်ပြီး ချင်းဟာ လူမျိုးကြီးတစ်ခုဖြစ်တယ်ဆိုတာကို ပေါ်လွင်ပြီး ချင်းလူမျိုးမျက်နှာပန်းလှဖို့အတွက်၊ တစ်ခြားတိုင်းရင်းသားတွေနဲ့ တန်းတူညီတူဖြစ်ဖို့ ကျွန်တော်တို့ ရည်မှန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

မေး။    ။ လူထုစည်းရုံးရေးခရီးစဉ်မှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေလဲ။

ဖြေ။     ။ လူထုစည်းရုံးရေးမှာ အခက်အခဲအတွေ့ဆုံးကတော့ လူထုက သိသင့်သိထိုက်တာကို မသိနေခြင်းဖြစ်ပါတယ်။ ဥပမာ- ပါတီကြီးတွေမှာ ပါဝင်ပြီး လုပ်ဆောင်မှသာ လူထုအတွက် အလုပ်လုပ်ပေးနိုင်မယ်ဆိုတာမျိုးပေါ့။ တကယ့်တကယ်မှာ အဲဒါမှားပါတယ်။ ပြောင်းပြန်ပါ။ တစ်ချို့ရေးရာဝန်ကြီးအတွက် ယှဉ်ပြိုင်မယ့်သူတွေကို ကျွန်တော်အံ့သြတာက ဘာအတွက်ပြိုင် မယ်ဆိုတာကိုတောင်မှသိကောသိကြရဲ့လားဆိုတာပါ။ သူတို့စာထုတ်တာတွေ၊ ပြောတာတွေကို နားထောင်ပြီး အံ့သြရပါတယ်။ လူထုပိုင်းမှာ ခက်ခဲတာက ပြောင်းလဲမှုဆိုတာ ဘာပြောင်းလဲမှု လည်းဆိုတာကို လူထုက မေးဖို့နဲ့ စဉ်းစားဖို့အပိုင်းမှာ အားနည်းတယ်လို့ မြင်တယ်။ မြန်မာနိုင်ငံ ရေးပြောင်းလဲမှုက ချင်းလူမျိုးအတွက် ဘာပြောင်းလဲမှုဖြစ်မလဲ။ ဘာတွေကောင်းကျိုးရှိမလဲ။ ဆိုတာတွေကို မစဉ်းစားတတ်ကြတာကကျွန်တော်တို့ ချင်းလူမျိုးတွေကို မျက်စိလည်စေတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ ချင်းပါတီတွေက ချင်းလူမျိုတိုးတက်ပြောင်းလဲရေးအတွက်အောက်ခြေ ကနေ အဓိက ကြိုးစားလုပ်ဆောင်နေကြတာဖြစ်တယ်။ လူမျိုးခြားပါတီမဟုတ်ဘူးဆိုတာကို သူတို့နားမလည်တာက အဓိက အခက်အခဲပါ။

မေး။    ။ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ဘယ်ဒေသတွေမှာ စီပီပီအားကောင်းမယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။     ။ အရင် ၂၀၁၀ တုန်းကလိုပဲ ဖြစ်မယ်လို့ မျှော်မှန်းပါတယ်။ ဖလမ်းနဲ့ ပလက်ဝမှာ ပြန်လည်အားကောင်းမယ်လို့ ထင်ပါတယ်။ ဘယ်လောက်ထိ အားကောင်းမလဲဆိုတာကတော့ ပြောရခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ၂၀၁၀ ထက် ၂၀၁၅ မှာက ယှဉ်ပြိုင်မှု ပိုပြင်းထန်လာလို့ပါ။

မေး။    ။ လူထုဆီကို ဘာများပြောချင်တာ၊ အားပေးချင်တာ ရှိပါသလဲ။

ဖြေ။     ။ လူထုကို မှာချင်တာကတော့ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုကပဲ မလုံလောက်ပါဘူး။ ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲတက်တက် ရုပ်ပိုင်းဆိုင်ရာတိုးတက်ဖို့က လုပ်ရမှာ တာဝန် တစ်ခုပါ။ ကျွန်တော်တို့သိသင့်တာတွေကို မသိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး တွေများ တဲ့အတွက် ကိုယ့်အခွင့်အရေးတွေ၊ လိုလားချက်တွေကို သိအောင် လုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် စာများများဖတ်ဖို့လိုမယ်။ သိတဲ့သူတွေကို မေးမြန်းတတ်ဖို့လိုမယ်။ အခုတစ်လော လူထုစည်းရုံးရေးမှာ ကျွန်တော် အဓိက တွေ့ရှိတာကတော့ အသိပညာပိုင်းဆိုင်ရာမှာ အားနည်း လှတာဖြစ်တယ်။ အသိပညာပိုင်းဆိုင်ရာမှာတိုးတက်မှ လူတိုင်းကလည်း လေးစားမှု ပေးကြမှာ ဖြစ်တယ်။ ဒီအချက်ကို ကျွန်တော် အဓိက တိုက်တွန်းအားပေးလိုပါတယ်။
 
၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ (၁၂) နေရာအနိုင်ရရှိခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ (Chin Progressive Party) ရဲ့ ဥက္ကဌဖြစ်ပြီး လက်ရှိစစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ပူးနိုးထန်ကပ်သည် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း
စစ်ကိုင်းတိုင်းဒသကြီး ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၈) မြို့နယ်ရှိပြီး၊ အဆိုပါမြို့နယ်များအနက် လေးမြို့နယ်မှာ ချင်းကျေးရွာ- (၇၂) ရွာ၊ တမူးမြို့နယ်တွင် ချင်းရွာပေါင်း (၃၆) ရွာ၊ ဟုမ္မလင်းနှင့် ခန္တီးဒေသတွေမှာ ချင်းကျေးရွာပေါင်း (၄၇) ရွာသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...